ဧပြီ ၃ ၊ ၂၀၂၃ ။
ယခုရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်နှင့်စစ်ကောင်စီလက်အောက်ခံBGFတပ်တို့၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
ယမန်နေ့ ဧပြီလ ၂ရက်၊နံနက် (၈) နာရီ ခွဲဝန်းကျင်၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ–အမှတ် (၉) ဝင်းပ မှလက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့မှုကြောင့် ကေအဲန်ယူ–သထုံမြို့နယ်၊ ချောင်းစောင့်ကျေးနယ်အုပ်စု၊ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် ချောင်းစောင့်ကျေးရွာနေ အသက်၁၇အရွယ် စောချာလီးကီး နှင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးတို့ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။
ထို့ပြင် ဧပြီလ ၂ရက်၊ မွန်းလွဲ ၂နာရီခန့်တွင်လည်း စစ်ကောင်စီလက်အောက်ခံ BGF စစ်ကား ၂စီးသည် ဓာတ်ကျိုက်ဂူအနီးမှနေ၍ လက်နက်ကြီး ၈ လုံးရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝင်းဖုန်းရွာအနီး လယ်ထဲတွင် ကျရောက်ပေါက်ကွဲပြီး စပါးရိတ်သိမ်းနေသော ဝင်းဖုန်းရွာသားအသက် ၆၆ နှစ်အရွယ် စောတာဟော်၏ ညာဖက်လက်မောင်းတွင်လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သောမတ်လကုန်ပိုင်း မတ်လ ၂၉ ရက်တွင် စစ်ကောင်စီ တပ်၏ (အမတ–၃၁၄) တပ်ရင်းမှ သထုံမြို့နယ်၊ဒေါက်ရပ်ကျေးနယ်တွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာတွင်းရှိ လူနေအိမ် ၁လုံး အပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်မသောင်း၊ အသက် ၄၀နှစ်အရွယ် ဒေါ်နောပျို ၊ အသက် ၁၄နှစ်အရွယ် ညီညီဇော်၊ အသက် ၅နှစ်အရွယ် ချစ်မိုးအောင် ၊ အသက် ၅နှစ်အရွယ်ချစ်မိုးသူနှင့်အသက်၁၄နှစ်အရွယ် နော်စံပယ်ဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်များဖြစ်သည့် (ခမရ–၉)၊ (ခလရ–၈)၊ (ခလရ–၂၄)၊ (အမတ–၄၀၂)၊ (ခမရ–၃၁၄) နှင့်(အမတ–၃၁၄) တပ်ရင်းများသည် ကေအဲန်ယူ–သထုံမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့လက်နက်ကြီးပစ်ခတ်မှုများမကြာခဏ ပြုလုပ်သည့်အပြင် အရပ်သားများကိုအကြောင်းမဲ့ ပစ်သတ်ခြင်း၊ခရီးသွားလာသော အရပ်သားများ၏ပစ္စည်းများကို အဓမ္မခြိမ်းခြောက်လုယူခြင်း အစရှိသည့် လူ့အခွင့်ရေးချိုးဖောက်မှုများအား ကျူးလွန်နေသည်ဟု ကေအဲန်ယူဗဟိုကဖော်ပြထားသည်။
ပုံစာ–စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်တောင်ကလေးကျေးရွာရှိနေအိမ်ပျက်စီးမှု။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3322
Website ->https://eng.thanlwinkhet.net