သံလွင်ခက်။
ဧပြီ ၂ ၊ ၂၀၂၃။
ညနေ မှောင်ရီပျိုးစအချိန်ရောက်လျှင် လူများ၏ လှုပ်ရှားသံများ၊ စက်ယန္တရားများ၏ အသံများသည် ပုံမှန်ပေါ်ထွက်လာနေသည်။
ဤသို့ မြင်တွေ့၊ ကြားသိနေရသည့် အရာများသည်ကား စည်းကားလှသည့် ပွဲတော်တစ်ခုတော့ မဟုတ်ပေ။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များအတွင်းမှ ထွက်ပေါ်လာသည့်ကျောက်တူးလုပ်သားများ၏ လှုပ်ရှားမှု မြင်ကွင်း၊ အသံများနှင့် စက်ယန္တရားများမှ ထွက်ပေါ်လာသည့် အသံများပင်ဖြစ်သည်။
အာဏာသိမ်းပြီး ၆ လအကြာ ဩဂုတ် ၂၀ ရက်ကစပြီး ယခုအချိန်အထိ အင်တာနက်ဖြတ်တောက်ခံထားရသည့်ဖားကန့်ဒေသတွင် ကျောက်စိမ်းရှာဖွေသည့် လုပ်ငန်းခွင်များ၌ မြေတူးစက်၊ မြေသယ်စက်များဖြင့် လုပ်ကိုင်နေဆဲဖြစ်သည်။
သို့သော် လက်ရှိ အချိန်ထိ တူးဖော်မှုများ ဆက်လက် လုပ်ကိုင်နေသည့် ကျောက်စိမ်းလုပ်ကွက်များသည်သက်တမ်းကုန်ဆုံးနေသည့် လုပ်ကွက်များပင် ဖြစ်သည်။ ထို့ကြောင့် သက်တမ်း ကုန်ဆုံးနေသည့် ထိုလုပ်ကွက်များသည် ယနေ့တိုင် ဆက်လက် အသက်ဝင် လုပ်ကိုင်နေဆဲဟု ဆိုနိုင်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက် ၂၀၁၆ ခုနှစ်ကစပြီး ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင် သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ် ပြန်လည်ချထားပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်အထိ သက်တမ်းကျန်ရှိသည့် ကျောက်စိမ်းလုပ်ကွက်သည် အနည်းငယ်သာ ကျန်ရှိပြီးအဆိုပါ လုပ်ကွက်များသည်ပင် ၂၀၂၁ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင်သက်တမ်းကျန်ရှိသည့် ကျောက်စိမ်းလုပ်ကွက် တစ်ခုမျှ မရှိတော့ဘဲ သက်တမ်းကုန်ဆုံးနေသည့် လုပ်ကွက်များထဲတွင် ဆက်လက် တူးဖော်နေကြခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) က ကချင်ပြည်နယ်အတွင်းရှိ လုံးခင်း၊ ဖားကန့်ရတနာမြေနှင့်မော်လူး၊ မော်ဟန် ရတနာမြေတို့ရှိ ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ ဆက်လက်တူးဖော်ခွင့် မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် သက်တမ်းကုန် ကုမ္ပဏီများထဲ၌ တူးဖော်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။
ကုမ္ပဏီများထဲတွင် ကျောက်စိမ်းတူးဖော်ရာ ယခင်က ညချိန်တူးဖော်မှုများရှိသော်လည်း အာဏာသိမ်းပြီးနောက်ညချိန် တူးဖော်မှုများကို ယခင်ထက် ပိုမိုလုပ်ဆောင်လာသည်ဟု လုပ်ကွက် အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “အာဏာသိမ်းပြီးနောက်ပိုင်း ညပဲ လုပ်တော့တာ။ အမှန်တကယ်က ကုမ္ပဏီအကုန်လုံးကို တရားဝင်ရပ်ဆိုင်းခိုင်းထားတာလေ အကုန်လုံးကိုက။ အရင်ရှိတဲ့ ကုမ္ပဏီဟောင်းတွေကပဲ စစ်တပ်နဲ့ ပေါင်းပြီး လုပ်တာတွေရှိတယ်။ ဒီဘက်က အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး လုပ်တာတွေ ရှိတယ်” ဟုဆိုသည်။
လက်ရှိတွင် သက်တမ်းကုန်နေသည့် ကုမ္ပဏီလုပ်ကွက်ဟောင်းများထဲတွင် ကုမ္ပဏီများသာမက ပြင်ပမှ ငွေကြေးတတ်နိုင်သူများက စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA စသည့် အဖွဲ့အစည်းများက ခွဲဝေပေးသည့် မြေများကို ဝယ်ယူပြီး အစုရှယ်ယာ ခွဲဝေတူးဖော်ထုတ်လုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ယခင်က တစ်နိုင်တစ်ပိုင် တူးဖော်သူများရှိသော်လည်း ယခုအခါ အဖွဲ့အစည်းများက အနည်းဆုံး ပေ ၁၀၀ပတ်လည် လုပ်ကွက်များကိုသာ ခွဲဝေပေးလျက်ရှိသည်ဟု သိရသည်။
ထိုသို့သော အခြေအနေများကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို စွန့်လွှတ်ခဲ့ရသည်ဟု ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ငွေကြေးအများစုနဲ့ ဝယ်တဲ့ ဟာမျိုးတော့ ကျွန်တော်တို့က ပြန်မဝယ်နိုင်ဘူးပေါ့။ ပြောရမယ်ဆိုရင် ပေ၁၀၀ ပတ်လည်ကို သိန်းထောင်ကျော် ဝယ်ကြတာဆိုတော့ မဝယ်နိုင်ဘူး။ အဲဒီတော့ မတူးဘဲ အရောင်းဝယ်ပဲ ပြန်လုပ်တာ” ဟုဆိုသည်။
သူသည် လက်ရှိ ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်နေပြီး တူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့စဉ်ကာလထက် ဝင်ငွေ ပိုသေချာသည်ဟု ဆိုသည်။
၂၀၁၇–၁၈ ဘဏ္ဍာနှစ်အစတွင် စစ်တပ် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်၏ လက်အောက်ခံကုမ္ပဏီများ ပိုင်ဆိုင်ခဲ့သည့် သက်တမ်းရှိနေသေးသော လိုင်စင်ပေါင်း ၁၁၁၀ ရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက်နှင့် ၂၀၁၆ အာဏာလွှဲပြောင်း ရရှိမှုမတိုင်ခင်ကာလများအတွင်းတွင် အဆိုပါ ၁၁၁၀ အနက် ၆၃၉ (၅၈ ရာခိုင်နှုန်း) ကို သက်တမ်းတိုး ဆောက်ရွက်နိုင်ခဲ့သည်ဟု Global Witness ၏ ၂၀၁၉ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ဝေခံ ကုမ္ပဏီများကလည်း ကျောက်စိမ်းတူးဖော်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြသည်ဟု စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။
စစ်ကောင်စီအနေဖြင့် ဖားကန့်ဒေသကို အုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှုများ ယခုထက် ရယူနိုင်ပါက ကျောက်စိမ်းတူးဖော်ရေးမှ ရရှိသည့် အကျိုးအမြတ်များသည် ၎င်းတို့ စစ်ရေးဏဏ္ဍအတွက် ငွေကြေးပံ့ပိုးနိုင်သည့် မြင့်မားသည့်အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
တရားဥပဒေ စိုးမိုးမှု မရှိသည့် စစ်အာဏာသိမ်းကာလအတွင်း သယံဇာတ တူးဖော်နေမှုများနှင့်ပတ်သက်၍လုပ်ငန်းစဉ်၊ အကျိုးအမြတ်ခွဲဝေမှုများတွင် စစ်ကောင်စီအပါအဝင် နယ်မြေစိုးမိုးထားသူများက စီမံခန့်ခွဲမှုများလုပ်ဆောင်လျက်ရှိသည်။
ယခုကဲ့သို့ စီမံခန့်ခွဲမှုများ လုပ်ဆောင်နေခြင်းသည် နောင်တစ်ချိန်တွင် နိုင်ငံအတွက် ပြဿနာများနှင့် ဆိုးကျိူးများသာ ဖြစ်ပေါ်လာနိုင်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အဖွဲ့များကထောက်ပြထားကြသည်။
ဖားကန့်ဒေသတွင် သယံဇာတ စီမံခန့်ခွဲမှု အခြေအနေများနှင့် ပတ်သက်၍ ကေအိုင်အေ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို သံလွင်ခက် သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
၂၀၁၉ ခုနှစ်တွင် ပြဌာန်းထားသည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်တူးဖော်ခွင့် ရရှိသူများသည် တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့်ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးထိခိုက်မှု မရှိစေရန် အလေးထား ဆောင်ရွက်ရမည်ဟု ပါရှိသည်။
လက်ရှိအချိန်တွင် စွန့်ပစ်မြေစာပုံများကို စုပုံရာ၌ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိဘဲ နီးစပ်ရာကျေးရွာ၊ မြို့များအနီးတွင် စွန့်ပစ်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ စွန့်ပစ်မှုကြောင့် မိုးရာသီရောက်လျင် မြေစာပုံပြိုသည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဆိပ်မူကျေးရွာ အုပ်စု အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက “မိုးတွင်းရောက်ရင် မြေစာပုံ ပြိုကျတာတွေကခဏ ခဏ ကြုံဖူးနေတဲ့အခါကျတော့ နောက်ပြီး မြေစာ မပြိုရင်တောင် ရွာတွေထဲကို နွံတွေ ဖုံးလွှမ်းသွားမှာတွေ ရှိတယ်။ အဲဒါတွေကို တာဝန်ရှိတဲ့သူတွေကတော့ လုပ်ပေးသင့်တယ်။ ဆုံးရှုံးမှုက များသွားမှာလေ။ မြေစာပုံ ပြိုတယ်ဆိုရင် လူတွေရဲ့ အသက်အိုးအိမ်ကအစ အကုန် ဆုံးရှုံးသွားမှာ” ဟုဆိုသည်။
ယခု အခြေအနေသည် ထိခိုက်ပျက်စီးမှုများဖြင့် ကြုံတွေ့ရပါက မည်သည့်နေရာသို့ သွားရောက်တိုင်ကြားအကူအညီ တောင်းခံရမည်ကို မသိရှိသည့် ကာလပင်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အထူးသဖြင့် မိုးရာသီတွင် ဖားကန့်ဒေသ၌ အက်ကြောင်းများအတွင်း မိုးရေဝင်ကာ လျှောပြိုခြင်း၊ ပြိုကျခြင်းနှင့်မြေစာပုံများ မကြာခဏ လျှောခြင်းများ ဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ဖားကန့်ဒေသတွင် လူရာချီ သေဆုံးသည်အထိ ဖြစ်စဉ်များလည်း ရှိခဲ့သည်။
အာဏာသိမ်းကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘုံရွာအနီး မိုင်းဟောင်းတစ်ခု၏ စွန့်ပစ်မြေစာ တောင်စောင်းပြိုကျမှုကြောင့် ရေမဆေး ရှာဖွေသူ ၁၀ ဦးခန့် ပျောက်ဆုံးခဲ့သည်။
ထို့ပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ဝှေခါကျေးရွာရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ ကျင်း ကမ်းပါးပြိုကျမှုကြောင့်လူပေါင်း ၁၇၂ ဦးအထိ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များကြောင့် ထိခိုက်သေဆုံး ပျက်စီးခဲ့ရသည့် ဖြစ်စဉ်များ ဆက်လက် မဖြစ်ရန်အတွက် နိုင်ငံ၏ စီးပွားရေးစနစ်သည် သယံဇာတ တူးဖော်မှုကို အခြေမခံသည့် စီးပွားရေးစနစ်ဖြစ်ရန်လိုသည်ဟု ကချင်ဒေသန္တရ သုတေသန အဖွဲ့အစည်း၏ ဒါရိုက်တာ ဒန်ဆိုင်းလောန်ကပြောသည်။
၎င်းက “တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ သဘာဝသယံဇာတ တူးဖော်မှု ဖြစ်ဖို့ဆိုတာက တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့အစိုးရ ရှိရမယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ကလည်း သယံဇာတ တူးဖော်မှုမှာ အခြေခံတဲ့ စီးပွားရေးစနစ် ဖြစ်မနေဖို့လည်း အရေးကြီးတာပေါ့။ တခြားအရာတွေမှာ အများကြီး တည်ဆောက်ရမယ်။ အဲဒါမှ မဟုတ်ရင် ကျွန်တော်တို့က ဒီပြဿနာကို စီမံခန့်ခွဲမှု ရှုထောင့်တစ်ခုတည်းနဲ့ပဲ ကြည့်လို့လည်း မလွယ်လောက်ဘူး ထင်ပါတယ်” ဟုဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တရားမဝင် တူးဖော်မှုများသည် မြန်မာနိုင်ငံ သယံဇာတ ထွက်ရှိရာ နေရာအနှံ့တွင် ဆက်လက်လုပ်ကိုင်နေပြီး သယံဇာတစီမံအုပ်ချုပ်မှုများ ဆိုးရွားစွာ ပျက်စီးလျက်ရှိသည်။
သုံးစွဲရသည့် အချိန်နှင့် ကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်ရန်အတွက် မြေစာများကို ကုမ္ပဏီများ၏ လုပ်ကွက်များအတွင်း စွန့်ပစ်ခြင်းကြောင့် အဆိုပါ လုပ်ကွက်များသည် ကြံ့ခိုင်မှု ပိုမို နည်းပါးလာပြီး မြေပြိုမှုများကို ပိုမိုဖြစ်စေနိုင်သည်။
ထို့ပြင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်များအနီးတွင် ကြီးမားသည့် နုန်းစစ်ကန်များ ရှိနေတတ်ပြီး အဆိုပါကန်များသည် မိုးရာသီအတွင်း ရေများ ပြည့်လျှံကာ ကန်ပေါက်ကျသည့်အခါမျိုးတွင် သေဆုံးမှုများ ဖြစ်ပေါ်နိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်ထားကြသည်။
ထိုသို့သော စွန့်စားမှုနှင့် ဆုံးရှုံးမှုများကြားမှ လူများ၏ လှုပ်ရှားသံများ၊ စက်ယန္တရားများ၏ အသံများဖြင့် ပွဲတော်တစ်ခုကဲ့သို့ စည်းကားနေသည့် လုပ်ကွက်များသည် အရုဏ်တက်ချိန်တွင် အလုံးစုံ ငြိမ်သက်ပျောက်ကွယ်သွားသည်။
ထိုသို့ ငြိမ်သက်ကွယ်ပျောက်သွားသကဲ့သို့ သက်တမ်းကုန် လုပ်ကွက်များအတွင်း ဝင်ရောက် လုပ်ကိုင်နေမှုများကြောင့် အသက်ဝင်နေဆဲ ရတနာမြေဖြစ်သည့် ဖားကန့်ဒေသရှိ ကျောက်စိမ်းထွက်ရှိရာ တောင်ကုန်းများအားလုံးသည် အလွယ်တကူ ပျောက်ဆုံးသွားတော့မည်ကို ကျွမ်းကျင်သူများရော ဒေသခံများကပါ စိုးရိမ်နေကြပေသည်။