သဇင်
ဧပြီ ၁၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် လှည့်လည် စစ်ကြောင်းထိုးနေသော အင်အား၁၀၀ကျော်ရှိ ဘီလူးစစ်ကြောင်းကိုMyaung Special People Defense Force (MSPDF)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက နှစ်ရက်ဆက်တိုက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မတ်လ၂၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်တွင် “ဘီလူးကွန်မန်ဒို“စစ်ကြောင်းသည် ခြေရာတော်ကျေးရွာတွင် အထိုင်ချတပ်ဆွဲထားကာ ကျေးရွာအတွင်းရှိ အမျိုးသမီးများအား အနိုင်ကျင့်စော်ကားမှုများလုပ်ဆောင်နေသည့်အတွက်(Rocket) ၁၂လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု MSPDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သူတို့က ခြေရာတော်ရွာမှာ အထိုင်ချထားပြီး အမျိုးသမီး ၅ ဦးကို မုဒိမ်းကျင့်တယ်လို့ ကျေးရွာတာဝန်ရှိသူတွေကအကူညီတောင်းလာလို့ ကျွန်တော်တို့က တိုက်ခိုက်တာဖြစ်ပါတယ်“ဟု ၎င်းကပြောသည်။
ထို့ပြင် မတ်လ၂၉ ရက်နေ့တွင်လည်း ဘီလူးစစ်ကြောင်းအား “Air Bomb” ၂လုံးဖြင့် ဝေဟင်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အဆိုပါမစ်ရှင် ၂ ခုလုံးတွင် ဘီလူးစစ်ကြောင်းမှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါဖြစ်စဉ်များအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFနှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသောCDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊CHU PDF၊MinGin Guerilla Force (MGF)၊စစ်ကိုင်းခရိုင်တပ်ရင်း(၅)တို့မှ ပူးပေါင်းစစ်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဘီလူးစစ်ကြောင်းသည် တပ်ဖွဲ့ဝင်နှင့် လက်နက်ခဲယမ်း များသည့်အတွက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်ခက်ခဲသည့်အတွက် ရသည့်နည်းလမ်းဖြင့် ဆောင်ရွက်နေသည်ဟု Myaung Special People Defense Force (MSPDF)အဖွဲ့ခေါင်းဆောင်က ပြောသည်။
“ဒီစစ်ကြောင်းကို လက်နက်အင်အားအရ တော်တော်ကို ရင်ဆိုင်ရ ခက်ခဲပါတယ်။ ဘီလူးဆိုတဲ့ အတိုင်း သတ်တာလည်း ရက်ရက်စက်စက်ပဲ“ဟု ၎င်းက ပြောသည်။
ဘီလူးစစ်ကြောင်း၏လုပ်ရပ်ကြောင့် စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာမှ ဒေသခံ (၁၇)ဦးနှင့် မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာမှ ဒေသခံ (၆) ဦး စုစုပေါင်း (၂၃)ဦးအစုလိုက် သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ပုံစာ–မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြင်ကွင်း။