ဘိုဟန်၊ စောစမစ်
ထန်ချွန်းဖေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မင်းတပ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) အတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို သူဟာ ပြည်နယ်လွှတ်တော်မှာ အမတ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ကြုံပြီး အသက် ၃၄ နှစ်အရွယ် ထန်ချွန်းဖေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (Mindat CDF) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သွားပါတော့တယ်။
သူက မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ရွာတစ်ရွာမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ မင်းတပ်မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကာ ဒေသရဲ့ တိုးတက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့အချိန်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွေကို ဦးဆောင်သူတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းစက အကြမ်းမဖက်တဲ့ လူထုဆန္ဒပြပွဲတွေနဲ့သာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ ရက်စက်တဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ကြောင်း ထန်ချွန်းဖေက ဆိုပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (National Unity Government) ကို ထောက်ခံကြောင်းဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ဖြိုခွင်းပြီး လူငယ် ခုနှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ CDF ထိပ်ပိုင်းလူကြီးတွေက လူငယ်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီတပ်နဲ့ညှိနှိုင်းရာမှာ လွှတ်ပေးမယ်လို့ ပြောပြီး ကတိဖျက်ခဲ့ကြရာကနေ လက်နက်ကိုင်ပဋိပက္ခဆီ ဦးတည်သွားတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်မှာ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် (Chinland Defense Force) ဆိုပြီး တရားဝင်ဖွဲ့စည်းလိုက်ကာချင်းပြည်နယ် မြို့နယ် ကိုးမြို့နယ်က အဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။
CDF အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကိုဆလိုင်းက“ပထဝီအနေအထားနဲ့ ပတ်သက်လို့ ကျွန်တော်တို့က လေ့လာစရာကို မလိုတာ။ ငယ်ငယ်တည်းက ဒါတွေကို သိနေပြီးသား။ ဗုံးကို ဘယ်လိုဖောက်မလဲ၊ တူမီးကို ဘယ်လိုပစ်မလဲ။ ဒါတွေလည်း သိတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲကို နဖူးတွေ့ ဒူးတွေ့ စတင်ခဲ့တာက ၂၀၂၁ ဧပြီ ၂၄ ရက်မှာဖြစ်ပါတယ်။ အဲဒီနေ့မှာလူငယ်တစ်စုက မင်းတပ်မြို့ရဲ့ အပြင်ဘက်တောင်ကြားလမ်းလေးတစ်ခုကို အပေါ်ကနေ စောင့်ကြည့်နေခဲ့ကြပြီး စစ်ကောင်စီတပ်ကား တစ်စီး၊ စစ်အသုံးအဆောင်ပစ္စည်းတွေပါတဲ့ အိမ်စီးကား သုံးစီးဟာ သူတို့ရှိတဲ့ နေရာဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တဲ့အခါမှာတော့ ပစ်ခတ်မှုကို စတင်လိုက်ကြပါတော့တယ်။ လက်ပစ်ဗုံးတွေ၊တူမီးသေနတ်တွေနဲ့ ဝိုင်းပစ်ကြပြီး ပထမဆုံး တိုက်ပွဲမှာပဲ စစ်ကောင်စီဘက်က သုံးဦး သေကာခုနှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ Mindat CDF ရဲ့ ပွဲဦးထွက်တိုက်ပွဲဖြစ်သလို ချင်းပြည်နယ်မှာလည်းအာဏာသိမ်းပြီးနောက်ပိုင်း ဗွေဆော်ဦးဖြစ်ခဲ့ပြီး စစ်သားတွေ သေတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ တိုက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
CDF ရဲ့ စံချိန်တင်အောင်ပွဲက ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်မှာ ဖြစ်ခဲ့တာပါ။ မေလ ၁၃ ရက်မှာ မင်းတပ်မြို့ကို မာရှယ်လောထုတ်ပြီးနောက် မြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်တွေ ချီတက်လာကြပါတယ်။ အဲဒီတပ်ကို CDF ကသေချာပြင်ဆင်ပြီး ခြုံခိုတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်ကား ခြောက်စီးလုံး ပျက်စီးသွားပြီး အလောင်းချင်းထပ်သွားပါတော့တယ်။ အဲဒီတိုက်ပွဲကနေ လက်နက်တွေလည်း ရခဲ့သလို စစ်ကောင်စီတပ်ကိုလည်း အရှိုက်ထိစေခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ရက် မေလ ၁၅ ရက်မှာတော့ စစ်ကောင်စီဟာ သူတို့ စစ်သားတွေကိုလေကြောင်းကနေ မင်းတပ်မြို့ဆီကို ပို့ဆောင်ပါတော့တယ်။ အိမ်တွေထဲအထိ ဝင်ရောက်တပ်စွဲထားကာရဟတ်ယာဉ်တွေကို ထောက်ပို့အတွက် သုံးခဲ့ပါတယ်။ ဒါ့အပြင် မြို့ကို ပေးပို့နေတဲ့ သောက်သုံးရေလမ်းကြောင်းတွေကိုပါ ဖြတ်တောက်ပစ်ခဲ့ပါတယ်။ မေလ ၁၆ ရက်မှာ ထောင်နဲ့ချီတဲ့ မင်းတပ်ဒေသခံတွေဟာ မြို့ထဲကနေ တောကြားတောင်ကြားထဲကို ထွက်ပြေးခဲ့ကြရပါတယ်။ မြို့မှာ ကျန်နေခဲ့သူ အများစုက သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေပါပဲ။ စစ်ကောင်စီတပ်က လူနေအိမ်တွေထဲ ဝင်ရာက်ပြီး ဖျက်ဆီးတာတွေ ခြိမ်းခြောက်တာတွေကိုပါ လုပ်ခဲ့ကြပါတယ်။
“သူတို့ တိုက်တဲ့ ဗျူဟာပေါ့။ အောက်တန်းကျတယ်။ မြို့တွေ ဖျက်တယ်။ ပြည်သူတွေကို သတ်တယ်။ အိမ်တွေမီးရှို့တယ်။ စစ်ရှောင်တွေ များရင် သူတို့ အတိုက်ခံရတာ သက်သာတယ်လို့ မှတ်နေပုံရတယ်” လို့ ချင်းလူငယ်ကွန်ရက်တစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းက အခြားထင်ရှားတဲ့ တိုက်ပွဲတွေကတော့ မင်းတပ်မြို့နယ် ဂေါက်ကွင်းတိုက်ပွဲ ၊ မကွီအိမ်နူးစခန်းသိမ်းတိုက်ပွဲတွေနဲ့ မင်းတပ်–မတူပီ လမ်းတစ်လျှောက် ကားအစီး ၈၀ ကျော်ပါ ယာဥ်တန်းကို တိုက်ခဲ့တဲ့တိုက်ပွဲတွေဖြစ်ပါတယ်။၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ထန်တလန်မြို့ပေါ် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာလည်း လက်နက် ၄၀ အထိ သိမ်းဆည်းရမိခဲ့ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်တွေက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်လာပေမယ့် လက်နက်ခဲယမ်း မလုံလောက်မှုက ကြီးမာတဲ့ စိန်ခေါ်မှုဖြစ်နေဆဲမို့ တိုက်စစ်ကိုတော့ အင်ပြည့် အားပြည့် မဖော်ဆောင်နိုင်သေးဘူးလို့ မင်းတပ်CDF စစ်ဦးစီးချုပ် ထန်ချွန်းဖေက လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ချင်းကာကွယ်ရေး တပ်ပေါင်းစု (Chinland Joint Defense Forces Committee) ရဲ့ အချက်အလက်တွေအရ ချင်းတော်လှန်ရေးတပ်တွေဟာ လက်ရှိအာဏာသိမ်းကာလအတွင်းမှာ တိုက်ပွဲပေါင်း ၆၀၀ ကျော် ဆင်နွှဲထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အောင်ပွဲတွေ ရလာတာနဲ့အတူ နယ်မြေထိန်းချုပ်မှုတွေလည်း ရရှိလာပြီး အခုဆို စစ်ကောင်စီတပ်တွေက မြို့ပေါ်နေရာတွေကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ ပြည်နယ်ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းကျော် (ကျေးရွာအားလုံး) ကိုတော့ ချင်းကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ဒါကြောင့် စစ်ကောင်စီက ချင်းပြည်နယ်ထဲက မြို့နယ် ကိုးမြို့နယ်အနက် ပလက်ဝကလွဲရင် ကျန် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့ကို စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပါတယ်။
ခေတ်အဆက်ဆက်မှာ ဖွံဖြိုးမှုနောက်ကျခဲ့တဲ့ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်းဖို့စတင်ကြိုးစားအားထုတ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဖွံ့ဖြိုးစပြုဖို့ အရိပ်အယောင်သန်းလာခဲ့ပါတယ်။ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးနဲ့ခရီးသွားလုပ်ငန်း ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အထိုက်အလျောက် ရှိလာခဲ့ပါတယ်။
ဟားခါး–ကလေးလမ်း၊ မတူပီ–ပလက်ဝလမ်း၊ ကလေး–တီးတိန်လမ်းတွေကို အဆင့်မြှင့်တင်တာတွေ၊ မဟာဓာတ်အားလိုင်းကနေ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဖလမ်းမြို့နယ်တွေကို လျှပ်စစ်မီးတိုက်ရိုက်ပေးနိုင်ခဲ့တာတွေ၊ ဖလမ်းလေဆိပ်တည်ဆောက်တာတွေ၊ ဟားခါးတက္ကသိုလ် ပေါ်ပေါက်လာတာတွေ၊ ဝဥစိုက်ပျိုးမှု ခေတ်စားလာတွေ၊ မင်းတပ်နဲ့ ကန်ပလက်တို့မှာ ခရီးသွားလုပ်ငန်း တိုးတက်လာတွေက NLD အစိုးရ လက်ထက်မှာ ချင်းပြည်နယ်ကို ပြောင်းလဲလာစေခဲ့တဲ့ အရာတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းမှုဖြစ်စဥ်က အဲဒီဖြစ်ထွန်းနေခဲ့တဲ့ တိုးတက်မှုကို နောက်ပြန်ဆုတ်စေခဲ့ပါတယ်။
“ကျွန်တော်တို့ အဖေတွေ၊ အဖိုးတွေရော ကျွန်တော်တို့ရော စစ်အုပ်ချုပ်မှုအောက်မှာ နေဖူးတယ်။ ထပ်မသွားချင်လို့ တိုက်ကြတာ။ အကုန်တော်လှန်ကြတာပဲလေ။ ကျွန်တော်တို့အတွက်တော့ တူမီးတော်လှန်ရေးပေါ့” လို့ ကိုဆလိုင်းက ဆိုပါတယ်။
CNF ကတော့ လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကနေ အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်အကောင်အထည်ဖော်သွားမယ်လို့ (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ချင်းကာကွယ်ရေးတပ်ပေါင်းစု CJDC မှာ CNF ဟာ ပူးပေါင်းပါဝင်နေသလို တော်လှန်ရေးအောင်မြင်ဖို့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုထားကြပါတယ်။ CJDC မှာတော့ CNF အပါအဝင် ချင်းပြည်နယ်တွင်းက ကာကွယ်ရေးတပ်တွေနဲ့ ချင်းမျိုးနွယ်စု ကာကွယ်ရေးတပ် ၁၈ ဖွဲ့ပါဝင်နေပါတယ်။
“ကျေးရွာတွေ တော်တော်များများကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်တာ အောင်မြင်မှု တစ်ခုပဲပေါ့။ နှစ်နှစ်အတွင်းမှာ စုစုစည်းစည်းနဲ့ ဖြစ်လာတယ်” လို့ CJDC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ကိုပေါလ်က ပြောပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာလည်း အောင်မြင်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
အောင်မြင်မှုတွေ ရှိတယ်လို့ ဆိုပေမယ့် တစ်ဖက်မှာလည်း ဖိနှိပ်မှုတွေ ၊ တိုက်ခိုက်ခံရမှုတွေက ပိုမိုပြင်းထန်လာနေပါတယ်။ အဲဒီထဲမှာ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိသလို စစ်ကောင်စီရုံး အများဆုံး စိုက်ထားတဲ့ ဟားခါးနဲ့ အနီးဆုံး ထန်တလန်ဟာလည်း စစ်ကောင်စီတပ်ရဲ့ အငြိုးထားခံရပါတယ်။ ဒါ့ကြောင့် အခုဆို လှပတဲ့ ထန်တလန်မြို့ဟာ မီးလောင်ပြာကျနေတဲ့ နေအိမ်အဆောက်အဦးတွေနဲ့ လူသူကင်းမဲ့နေတဲ့ မြို့ပျက်ကြီးတစ်ခု ဖြစ်လို့နေပါပြီ။ ထန်တလန်မြို့ဟာ စစ်ကောင်စီတပ်တွေရဲ့ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီက ချင်းပြည်နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး ဝေဟင်၊ မြေပြင်တွေကနေ ထိုးစစ်ဆင်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ CNF ဌာနချုပ်အပါအဝင် ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ဟားခါးမြို့နယ်တွေမှာ၂၀၂၃ ခုနှစ်စ သုံးလအတွင်းမှာကိုပဲ လေကြောင်းတိုက်မှုပေါင်း ၁၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက လူထုကို ပစ်မှတ်ထားပြီး ဖိနှိပ်နေပါတယ်။ ချင်းပြည်နယ်ကို ဝင်ရောက်တဲ့လမ်းကြောင်းတွေကို ထိန်းချုပ်ပြီး ရိက္ခာတင်သွင်းမှုတွေကို ကန့်သတ်ထားပါတယ်။ ပြည်နယ်ထဲ ဆန်သယ်ရာမှာပမာဏကန့်သတ်တာ၊ အချို့နေရာတွေကို လုံး၀သယ်ခွင့်မပြုတာတွေ လုပ်ဆောင်နေပါတယ်။ ပင်မလမ်းတွေဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ဟားခါး–ထန်တလန်၊ ကလေး–ဖလမ်းလမ်းတွေနဲ့ချင်းတောင်ဘက်က ပခုက္ကူ–မင်းတပ်–မတူပီ ၊ မတူပီ–ပလက်ဝ လမ်းတွေက သယ်ယူပို့ဆောင်မှုကို ကန့်သတ်ထားတဲ့အတွက် တောလမ်းတွေကနေပဲကုန်စည်တွေ အဓိက ဖြတ်သန်းနေရပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၇ သန်းအထိ ရှိတဲ့အနက် ၅၀,၀၀၀ ကျော်ပမာဏဟာ ချင်းပြည်နယ်က ဖြစ်ပါတယ်။ ချင်းပြည်နယ်က စစ်ရှောင်တွေဟာ တောတွင်း၊ တခြားနယ်မြို့တွေ၊ ရွာတွေနဲ့ အိန္ဒိယနိုင်ငံနယ်စပ်နဲ့ အတွင်းဘက်အထိ စစ်ရှောင်နေကြရတာလည်းဖြစ်ပါတယ်။ သုတေသနအဖွဲ့အစည်း ISP Myanmar ရဲ့ မှတ်တမ်းတွေအရတော့ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ နှစ်သန်းဝန်းကျင် ဖြစ်လာပြီလို့ သိရပါတယ်။
ဖိနှိပ်မှုတွေ ဘယ်လိုပင် ကြုံပါစေ။ ချင်းတို့ရဲ့ တော်လှန်ရေးသမိုင်းကတော့ အရှိန်အဟုန်မြင့် ပျံသန်းနေဆဲပါ။မခံချင်စိတ်၊ လွတ်မြောက်ချင်စိတ်တွေနဲ့ အတူချီတက်နေတဲ့ ခုခံစစ်တွေနဲ့အတူ ရဲစွမ်းသတ္တိတွေ မြင်တွေ့ရသလိုစွန့်လွှတ်အနစ်နာခံရမှုတွေ၊ ထိခိုက်ဆုံးရှုံးနာကျင်ရမှုတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ဒါပေမယ့် ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စဖွဲ့ကတည်းက ပါဝင်လာခဲ့ပြီး မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှာ ဒုတိယဗျူဟာမှူး၊ ဗျူဟာမှူး၊ စစ်ဦးစီးချုပ် စသဖြင့် အဆင့်ဆင့်တာဝန်ယူခဲ့သူ ထန်ချွန်းဖေကတော့ သူတို့ရဲ့တော်လှန်ရေးအပေါ်ယုံကြည်မှုခိုင်မြဲနေဆဲပါ။
“ချင်းပြည်ပူးပေါင်းကာကွယ်ရေးက ပါဝင်နေတဲ့ အဖွဲ့ဝင်တိုင်း စည်းစနစ်ကျပြီး တပ်နဲ့ တူတဲ့ တပ် ဖြစ်လာအောင်အားလုံးက ကြိုးစားပြုပြင်ဖို့လိုတယ်။ စစ်စည်းကမ်းဥပဒေတွေနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီးအမိန့်တစ်ခုအောက်မှာ နာခံတတ်တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်လာရင် တော်လှန်ရေး မြန်မြန်ဆန်ဆန်ပြီးသွားမယ်လို့ယုံကြည်တယ်” လို့ သူက ပြောပါတယ်။