သဇင်
မတ် ၃၀၊ ၂၀၂၃။
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ သရက်ကန်ရွာပျူစခန်းမှ စစ်တပ်နှင့်ပျူအင်အား (၃၀)ခန့်သည် နှမ်းဆီကန်ရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုများဆောင်ရွက်ခဲ့ပြီး ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။
ယနေ့မနက် ၈နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နှမ်းဆီကန်ရွာထဲသို့စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ်မှုများရှိခဲ့ရာ (၅)နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ရွာထဲကို သုံးဘက် ပိတ်ဝင်လာတဲ့ခါကျတော့ပြည်သူတွေဘယ်လိုမှ ပြေးလို့မလွတ်တော့ဘူး။ဝင်ပြီးတာနဲ့ပြည်သူ၁၅ယောက်လောက်ဖမ်းထားတယ်။ဖမ်းပြီးတော့ ထွက်ပြေးတဲ့သူတွေကို လိုက်ပစ်တာ။ အဲ့ဒီမှာ ကလေးအဖေကသူ့သမီးလေးကို ပွေ့ပြီးပြေးတာ ကလေးအဖေမမှန်ဘဲ ကလေးကိုမှန်သွားတာ“ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ဖမ်းဆီးစစ်ဆေး မှုများဆောင်ရွက်ပြီးနောက် နေ့လည် (၁၂)နာရီခွဲခန့်တွင်နှမ်းဆီကန်ရွာထဲမှ ပြန်ထွက်ခွာသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည် ။
“ကျုပ်ဖြင့် ကလေးထိတာမြင်ရတော့မခံစားနိုင်ဘူး မျက်ရည်တောင်ကျမိတယ်။နောက်စေ့ကနေမှန်တာ ရှေ့နဖူးပွင့်သွားတယ်။အခုတော့ ပြည်သူတွေပြန်လွှတ်ခဲ့ပြီး ၁၂နာရီခွဲလောက်မှာ ပြန်ထွက်သွားတယ်“ဟု ၎င်းကပြောသည်။
သေနတ်ကျည်ထိမှန်သေဆုံးခဲ့သော ကလေးငယ်၏အရုပ်လောင်းအား ရွာအနောက်ဘက် တောထဲတွင် သဂြိုဟ်ဖို့ပြင်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ မနက်အစောပိုင်း ၅ နာရီခွဲခန့်တွင်လည်း မြိုင်မြို့နယ်အနောက်တောင်ပိုင်း အိုင့်မရွာကိုလည်း သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။