ယမင်းဖူးပွင့်အောင်
မတ် ၃၀၊ ၂၀၂၃။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၏ လေထုညစ်ညမ်းမှုသည် ယနေ့တွင် စံချိန်တင်အမြင့်ဆုံးရောက်ရှိနေသည်ဟု IQ Air (ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးတိုင်းတာသော နည်းပညာကုမ္ပဏီ) ၏ စစ်တမ်းက ထုတ်ပြန်သည်။
အဆိုပါလေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်မြို့တွင်နေထိုင်သူများ အသက်ရှူရခက်သည့်အခြေနေ ခံစားရသည်ဟုနေထိုင်သူများက ပြောသည်။
လေထုညစ်ညမ်းမှုကို သာမာန်မျက်လုံးဖြင့်ပင် မြင်ရပြီး အမှုန်များလည်းပျံ့နှံ့နေသည်ဟု ချင်းမိုင်မြို့တွင် နေထိုင်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဒီနေ့အတော်ဆိုးတယ်။ အပြင်ကိုကြည့်ရင် လေထုညစ်ညမ်းတယ်ဆိုတာ သာမန်မျက်စိနဲ့ကို မြင်ရတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေတာတောင် ချောင်းဆိုးတယ်။ အသက်ရှူကြပ်တယ်။ နေလို့ထိုင်လို့ကို မကောင်းဘူး။ကားတွေ အဝတ်တွေအပေါ် ညစ်ညမ်းတဲ့အမှုန်တွေကပ်တာမြင်ရတယ်” ဟု၎င်းက ပြောသည်။
ယခုကာလကို ချင်းမိုင်၏ Haze ရာသီဟု ခေါ်ဆိုကြပြီး စိုက်ပျိုးရေးအလုပ်သမားများကို သတ်မှတ်ထွက်နှုန်းမှီရန်တောင်ယာ မီးရှို့ခြင်းများ ဖိအားပေးခိုင်းစေမှုများရှိသည်ဟု သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူများကပြောသည်။
လေထုညစ်ညမ်းမှုမြင့်တက်ရခြင်း၏ အကြောင်းအရင်းတွင် အဆိုပါ တောင်ယာမီးရှို့ခြင်းသည် တစ်နည်းအပါအဝင်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။
ချင်းမိုင်တွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီး အပြင်ထွက်သည့်အခါ မျက်မှန်နှင့်mask တပ်၍ သွားလာသင့်သည်ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးကပြောသည်။
“နှာစေး၊ ချောင်းဆိုးတာ၊ မျက်စိနာတာနဲ့ အသက်ရှူကြပ်တာတွေဖြစ်တတ်တယ်။ အပြင်ထွက်ရင် မျက်မှန်နဲ့ mask ကိုမဖြစ်မနေတပ်သွားသင့်တယ်“ဟု ၎င်းက ပြောသည်။
အခြေခံရွှေ့ပြောင်းလုပ်သားများကို လေထုညစ်ညမ်းမှုနှင့် မည်ကဲ့သို့ကာကွယ်နေထိုင်ရမည်ကို သက်ဆိုင်ရာအာဏာပိုင်များက သတင်းစကားပါးပေးသင့်သည်ဟု ၎င်းကဆက်ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ချင်းမိုင်မြို့တွင် မတ်လ ၄ရက်နေ့က လေထုအတွင်း အန္တရာယ်ရှိသော အမှုန်အမွှားအဆင့်သည် PM2.5 ရောက်ရှိခဲ့ပြီး စံချိန်တင် မြင့်တက်ခဲ့သည်ဟု လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန(PCD) က ထုတ်ပြန်ထားသည်။
ပုံစာ– ချင်းမိုင်တွင်တောင်ယာမီးရှို့နေသည့် မြင်ကွင်း။
Video− ပေးပို့။