သံလွင်ခက်
မတ် ၃၀၊ ၂၀၂၃။
တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယနေ့မွန်းတည့် ၁၂နာရီခန့်တွင် လေကြောင်း ပစ်ခတ်မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ရွှေကူမြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးပြီး မြို့၏ အနောက်တောင်ဘက်တွင်ရှိသည့် မံဝိန်းကျေးရွာနှင့် စီမူကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းများ ဝင်ရောက်ခဲ့ သည်ဟု သတင်းအရင်းမြစ် တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“လေယာဉ်နဲ့ ပစ်သွားတဲ့ မံဝိန်းနဲ့ စီမူကြီး ကလူနေအိမ်တွေ မီးလောင်ပျက်စီးသွားတာ ရှိတယ်။ မံဝိန်းမှာစာသင်ကျောင်းဖြစ်သွားသလား။ စာသင်ကျောင်းဘေးနားက အိမ်တွေ ဖြစ်သွားသလားကျွန်တော်တို့ မြေပြင်မှာကြည့်လို့မရသေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အတိအကျတော့ ဖြေလို့မရသေးဘူး။ ” ဟု၎င်းကပြောသည်။
လေကြောင်းပစ်ကူများဆောင်ရွက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စီမူလေးကျေးရွာမှ မံဝိန်းကျေးရွာသို့ ကုန်းကြောင်းမှ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းသည် တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး မတ်လ ၂၉ ရက်နေ့ည ၉ နာရီခန့်က စီမူလေးကျေးရွာမှ မံဝိန်းကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ရှိခဲ့သည်။
KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မှိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စီမူလေးကျေးရွာသို့ တပ်ဆုတ်သွားပြီး ယနေ့နံနက် ၇ နာရီခန့်က ဒေသခံပြည်သူတို့၏ နေအိမ် ၁၀ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေပြီး မတ်လ ၂၅ ရက်နေ့ကလဲ တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းပစ်ခတ်မှုများဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် မံဝိန်းကျေးရွာက ခန်းမဆောင်ပျက်စီးခဲ့ပြီး စီသောင်ကျေးရွာက လူနေအိမ်နှစ်လုံးနှင့် နွားငါးကောင် သေဆုံးခဲ့သည်။
လတ်တလောတွင် ရွှေကူမြို့နယ်ရှိ နန့်လှန်ကျေးရွာ၊ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ အပါအဝင် မံဝိန်းကျေးရွာ၊စီသာကျေးရွာနှင့် စီသောင်ကျေးရွာက ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်းရှောင်နေရသည်။
ပုံစာ–ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး လုံခြုံရေးယူနေသည့်မြင်ကွင်း။
Photo-Credit