![]()
မူယန်း/ဧပြီ ၄။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံ နေအိမ်ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar အစီရင်ခံစာအရ သိရသည်။
ဇန်နဝါရီ ၂၇ ရက်တွင် ပုလောမြို့နယ်၊ ပလမြို့စခန်း၌ တပ်စွဲထားသော စစ်တပ် တပ်ဖွဲ့ဝင်များသည် ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၇၈ လုံးကို ဝင်ရောက်မီးရှို့ခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၂၈ ရက်တွင် တိုရွာအနီး၌ စစ်ကော်မရှင်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ တိုရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင်လည်း ရှပ်ပုံကျေးရွာ အလယ်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ထိုသို့ မီးရှို့မှုများသည် ဖေဖော်ဝါရီလအတွင်း၌လည်း ဆက်လက်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာရှိ နေအိမ် ၄၀ ကျော်နှင့် သစ်တိုထောင့်ကျေးရွာရှိ နေအိမ် ငါးလုံးတို့ကို စစ်တပ်က မီးရှို့ခဲ့သည်။ ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာသို့ စစ်တပ် ဝင်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ် ၂၀ ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ရုပ်သံ – ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ၂၇ရက်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ် ၄ ရပ်ကွက်တွင် စစ်ကောမရှင်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၈ မီးလောင်ကျွမ်း ( ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့—ပုလော ပကဖ )
အာဏာသိမ်း ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် တနင်္သာရီတိုင်း၌ နေအိမ်ပေါင်း ၁,၉၅၁ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ပြည်သူ့နေအိမ်ပေါင်း ၃,၀၉၂ လုံး ပျက်စီးခဲ့ပြီး အာဏာသိမ်း ၅ နှစ်တာ ကာလတစ်လျှောက်တွင်မူ စုစုပေါင်း အရပ်သားနေအိမ် ၁၂၅,၃၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ နေအိမ်ပျက်စီးမှုများတွင် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရခိုင်ပြည်နယ်တို့မှာ အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်သည် နေအိမ်ပျက်စီးမှု အများဆုံးနှစ် ဖြစ်ခဲ့သည်။
ယခုထုတ်ပြန်ထားသော နေအိမ်မီးလောင်ပျက်စီးမှု စာရင်းတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုများကို ထည့်သွင်းထားခြင်း မရှိပေ။ ထို့အပြင် နေအိမ်မဟုတ်သည့် အခြားအဆောက်အအုံများ ပျက်စီးမှုကိုလည်း ထည့်သွင်းရေတွက်ထားခြင်း မရှိသေးကြောင်း Data for Myanmar က ဖော်ပြထားသည်။
#တနင်္သာရီ #နှစ်လအတွင်း #မီးရှို့ဖျက်ဆီးမှု #ThanLwinKhetNews