![]()
သံလွင်ခက်/ဧပြီ ၄။ ပုံ – ထိုင်းနိုင်ငံအတွင်းရှိ မြို့တစ်မြို့ ( ဓာတ်ပုံ – သံလွင်ခက် )
ထိုင်းနိုင်ငံတွင် အပူရှိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ပြင်းထန်ပြီး နေရာကွက်ကျား မုန်တိုင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကျန်းမာရေးနှင့် မတည်ငြိမ်သော မိုးလေဝသအခြေအနေကို သတိပြုရန် ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။
ထိုင်းနိုင်ငံတစ်ဝန်းတွင် ယနေ့မှ ဧပြီလ ၉ ရက်နေ့အထိ အလွန်ပူပြင်းသော ရာသီဥတု အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အချို့ဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန်နိုင်ကာ နေ့ခင်းဘက်တွင် မီးခိုးများ ဖုံးလွှမ်းနေမည်ဟု ထိုင်းမိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်သည်။
နောက်ဆုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းတွင် အပူရှိန်ကြောင့်ဖြစ်သော လေဖိအားနည်းရပ်ဝန်းက ဆက်လက်စိုးမိုးထားပြီး အပူချိန်များမြင့်တက်ခြင်းနှင့် မီးခိုးများကြောင့် မြင်ကွင်းမကြည်လင်ခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တောင်ဘက်နှင့် အနောက်ဘက်မှ လေများ တိုက်ခတ်နေခြင်းကြောင့် မိုးလေဝသအခြေအနေ မတည်မငြိမ် ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။
ရလဒ်အနေဖြင့် အပူရှိန်ပြင်းထန်နေသော်လည်း အဆိုပါကာလအတွင်း အချို့ဒေသများတွင် မိုးသက်လေပြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် နေရာကွက်ကျား မိုးသက်လေပြင်းများ ကျရောက်နိုင်သော်လည်း နေ့ခင်းဘက်တွင် ဆက်လက်ပူပြင်းနေမည်ဖြစ်သည်။ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် အနောက်လေများ တိုက်ခတ်နေမည်ဖြစ်သည်။ ပင်လယ်ပြင်သည် ယေဘုယျအားဖြင့် ငြိမ်သက်နေပြီး လှိုင်းအမြင့် ၁ မီတာခန့်ရှိသော်လည်း မိုးသက်လေပြင်းကျသည့် နေရာများတွင် လှိုင်းအမြင့် ၁ မီတာထက် ကျော်လွန်နိုင်သည်။
သတိပေးချက်နှင့် အကြံပြုချက်များ
အလွန်အမင်း ပူပြင်းသည့်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အပြင်ထွက်အလုပ်လုပ်ခြင်းကို အချိန်အကြာကြီး မပြုလုပ်ကြရန် မိုးလေဝသဌာနက တိုက်တွန်းထားသည်။ ထို့ပြင် မိုးသက်လေပြင်းနှင့် လေပြင်းတိုက်ခတ်မှုများကိုလည်း သတိပြုရန် နှိုးဆော်ထားသည်။
ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမန်ပင်လယ်အတွင်းရှိ ရေလုပ်သားများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်နိုင်သော နေရာများသို့ ရေကြောင်းခရီးသွားလာခြင်း မပြုကြရန် အကြံပြုထားသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းအထက်ပိုင်းရှိ ပြည်သူများအနေဖြင့် ဖြစ်နိုင်ပါက ကွင်းပြင်များသို့ သွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် အပြင်ထွက်ပါက N95 နှာခေါင်းစည်းများကို တပ်ဆင်ကြရန် တိုက်တွန်းထားသည်။
ဒေသအလိုက် ခန့်မှန်းချက် (ဧပြီ ၃ – ၉၊ ၂၀၂၆)
မြောက်ပိုင်း: အလွန်ပူပြင်းပြီး နေ့ခင်းဘက် မြူခိုးထူထပ်မည်။ ဧပြီ ၇ ရက်မှ ၉ ရက်အတွင်း ၁၀ ရာခိုင်နှုန်းခန့် မိုးရွာနိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်သည်။ အပူချိန်မှာ ညဘက် ၂၀-၂၇ ဒီဂရီရှိပြီး နေ့ဘက် ၃၆-၄၂ ဒီဂရီအထိ ရှိနိုင်သည်။
အရှေ့မြောက်ပိုင်း: အလွန်ပူပြင်းပြီး နေရာကွက်ကျား မိုးသက်လေပြင်းများ ကျရောက်နိုင်သည်။ အပူချိန် ၃၇-၄၁ ဒီဂရီအထိ ရှိနိုင်သည်။
အလယ်ပိုင်း: ယေဘုယျအားဖြင့် ပူပြင်းမည်ဖြစ်သော်လည်း အောက်ပိုင်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်နိုင်သည်။ အပူချိန် ၃၈-၄၂ ဒီဂရီအထိ ရှိနိုင်သည်။
အရှေ့ပိုင်း: အချို့နေရာများတွင် အလွန်ပူပြင်းပြီး ၁၀-၂၀ ရာခိုင်နှုန်းခန့် မိုးရွာနိုင်သည်။ အပူချိန် ၃၄-၄၀ ဒီဂရီအတွင်း ရှိမည်။
တောင်ပိုင်း (အရှေ့ဘက်ကမ်းရိုးတန်း): နေ့ခင်းဘက် ပူပြင်းပြီး ၁၀ ရာခိုင်နှုန်းခန့် မိုးရွာနိုင်သည်။ အပူချိန် ၃၄-၃၉ ဒီဂရီအတွင်း ရှိမည်။
တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း): နေ့ခင်းဘက် ပူပြင်းပြီး ၁၀-၃၀ ရာခိုင်နှုန်းခန့် မိုးရွာနိုင်သည်။ အပူချိန် ၃၄-၃၈ ဒီဂရီအတွင်း ရှိမည်။
ဘန်ကောက်နှင့် ပတ်ဝန်းကျင်: ယေဘုယျအားဖြင့် ပူပြင်းပြီး အချို့နေရာများတွင် အလွန်ပူမည်။ နေ့ခင်းဘက် မြူခိုးများရှိမည်။ အပူချိန် ၃၅-၄၁ ဒီဂရီအတွင်း ရှိမည်ဖြစ်သည်။
#ထိုင်း #အပူရှိန် ၄၂ ဒီဂရီစင်တီဂရိတ် #မြင့်တက် #မုန်တိုင်းများဖြစ်ပေါ်နှိင် #ThanLwinKhetNews
