ကောင်းချစ်အောင်
မတ် ၂၉၊ ၂၀၂၃။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီလေးဆယ်အားဖျက်သိမ်းကာ စုစုပေါင်းပါတီ ၆၃ခု မှတ်ပုံတင်ထားပြီး ပါတီသစ်ထောင်ခြင်းကိုဆက်လက်ခွင့်ပြုထားသည်ဟု စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ယမန့်နေ့ညကထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုလျှင် မတ်လ၂၈ရက်နေ့နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိလျှင် အလိုအလျောက်ပယ်ဖျက်ခံရမည်ဟု ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)၊ ကမန်အမျိုးသားတိုးတတ်ရေးပါတီ(KMNDP)၊ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(DNDP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ပါတီ များက မှတ်ပုံမတင်ဟု အတိအလင်းကြေညာထားပြီး အခြားမှတ်ပုံတင်ခြင်းမရှိသည့်ပါတီ ၃၇ခုကို ပယ်ဖျက်သည်ဟုရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးသိန်းနာမည်ဖြင့် ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များသည် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တွင်ပါဝင်လျက်ရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)သည်လည်း အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)တွင် ပါဝင်လျက်ရှိသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊ဖလုံ–စပေါ်ဒီမိုကရက်တစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ရခိုင့်ဦးဆောင်ပါတီ (ALP)၊ပြည်သူ့အင်အားပါတီ၊ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ( ဒူးလေးပါတီ)၊ဟိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊လူထုပါတီ၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ပြည်သူ့အလုပ်သမားပါတီ၊အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ရခိုင်အမျိုးသားပါတီ၊လူ့ဘောင်သစ်ပါတီ (NSP)၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊အင်းလေးအမျိုးသားအဖွဲ့ချုပ်ပါတီ၊ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊“ဝ“အမျိုးသားပါတီ၊ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ပြည်သူ့ပါတီ၊မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ၊အမျိုးသမီးပါတီ(မွန်)၊မြိုတိုင်းရင်းသားပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ခေတ်သစ်ပြည်သူ့ပါတီ၊ကရင်ပြည်သူ့ပါတီ၊ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စုစုပေါင်း ၅၀က ပုဒ်မ ၂၅အရ လာရောက်လျှောက်ထားသည်ဟု သိရသည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ပြည်ထောင်စုဒီမိုကရေစီပါတီ၊ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ဝံသာနုပါတီ၊ဒီမိုကရက်တစ်ပါတီ၊အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ၊အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ဒီမိုကရေစီပါတီ၊ခူမီးအမျိုးသားပါတီ၊ချင်းပြည်သူ့ပါတီ၊ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း၁၃ခုကပုဒ်မ၃အရ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လာရောက်လျှောက်ထားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ နိုင်ငံရေးပါတီ ၅၃ခုအနက် ၁၂ပါတီသည်စစ်ကောင်စီကျင်းပမည့် လာမည့်ရွေးကောက်ပွဲတွင်ပြည်ထောင်စုတဝန်းလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်ပါတီများမှာ တိုင်းသို့မဟုတ် ပြည်နယ်အဆင့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။