မတ် ၂၉၊ ၂၀၂၃ ။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP၏ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ရာနှုန်းပြည့်ထိန်းချုပ်ထားသည့်အတွက် ကရင်နီပြည်နယ်အတွင်း၌ စစ်ဘေးရှောင်အနည်းငယ်သာ WFPထောက်ပံ့မှုကိုရရှိသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားကသံလွင်ခက်ကိုပြောသည်။
ကရင်နီပြည်တွင် ယခုမတ်လအတွင်းစစ်ကြောင်းထိုးနေမှုများနှင့်တိုက်ပွဲများပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်နှစ်သိန်းခွဲဝန်းကျင်အထိတိုးလာပြီးစစ်ရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကူညီပေးနေသူများထံမှသိရသည်။
ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုနှင့်လေကြောင်းမှတိုက်ခိုက်မှုများကြောင့် စစ်ရှောင်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် အရေးပေါ်လိုအပ်သည့် ဆေးဝါး၊အစားအသောက်နှင့်အမိုးအကာတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများမရရှိသေးဟု ဦးဗညားကပြောသည်။
” ကျွန်တော်တို့ ကရင်နီပြည်နယ်ရဲ့စစ်ဘေးရှောင်အရေးကို ပိုပြီးတော့မှ အာရုံစိုက်ပေးဖို့ လိုအပ်တယ်။ အခုချိန်ထိနိုင်ငံတကာအဖွဲ့အစည်းတွေကနေ ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်အရေးကိုကူညီပေးနေတာ မရှိသလောက်ပဲ။ ဘာမှကိုလုပ်ငန်းမစရသေးတာပေါ့နော်။ အာ့ကြောင့် အမြန်ဆုံးဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်တယ် “ဟု ၎င်းကပြောသည်။
WFPက ယခုလတတိယအပတ်တွင်းမှစ၍ လွိုင်ကော်မြို့ပေါ်ရှိ စစ်ဘေးရှောင်တချို့ကို ကူညီမှုများပြုလုပ်နေသော်လည်း စစ်ကောင်စီက ခွင့်ပြုသည့်နေရာ၊ စစ်ကောင်စီကပေးသည့် အချက်အလတ်စာရင်းဇယားများအရသာကူညီမှုများပေးနေရသည်။
“WFP အနေနဲ့ကတော့အခု လွိုင်ကော်မြို့ပေါ်မှာရောက်နေတဲ့ တချို့သော တချို့မှ နည်းနည်းလေးပါပဲ ရာဂဏန်းလောက်ပဲရှိတဲ့သူတွေကို ပံ့ပိုးမှုတွေ စလုပ်နေတာတွေ့ရတယ်။ ဒါပေမယ့်မြေပြင်မှာက စစ်ကောင်စီရဲ့ခွင့်ပြုတဲ့ရပ်ကွက်လောက်ကိုပဲ စားနပ်ရိက္ခာဖြန့်ဖြူပေးခြင်းရှိတဲ့အတွက်ကြောင့်မို့ လက်ရှိအချိန်ထိကတော့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောလို့ရပါတယ် “ဟု ဦးဗညားကပြောသည်။
စစ်ကောင်စီသည် ကူညီပံပိုးမှုများကို ကန့်သတ်ချုပ်ချယ်နေသည့်အပြင် လွိုင်ကော်မြို့ပေါ်သို့ လာရောက်စစ်ရှောင်သည့် စစ်ဘေးရှောင်များကိုလည်း စစ်ဆေးဖမ်းဆီးမှုများလည်းပြုလုပ်နေသည်ဟု ကရင်နီပြည်နယ်အစိုးရအဖွဲ့ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။
ထို့ကြောင့် ယခုနောက်ပိုင်းတွင် လွိုင်ကော်မြို့ပေါ်သို့ လာရောက်ရှောင်တိမ်းကြသည့်စစ်ရှောင်အများစုမှာသက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် အမျိုးသမီးများသာဖြစ်သည်ဟု စစ်ရှောင်များထံမှသိရသည်။
” ရွာမှာက စစ်ကြောင်းတွေလည်းထိုးနေပြီ။ လက်နက်ကြီးကလည်းနေ့တိုင်းပစ်နေတော့ မနေရဲဘူး။ ညီမကကလေးနဲ့ဆိုတော့ လွိုင်ကော်မြို့ပေါ်ပဲရှောင်ရတယ်။ အမျိုးသားကတော့ မခေါ်လာရဲဘူး “ဟု လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်၂၈နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။
လွိုင်ကော်မြို့ပေါ်သို့ရှောင်တိမ်းလာကြသည့် စစ်ရှောင်များသည် ၅၀၀၀ ဦးဝန်းကျင်ရှိနေပြီးထိုစစ်ရှောင်များကိုမှတ်တမ်းတင်၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်မှုများရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ယခုမတ်လ၂၅ရက်တွင် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းရှိစစ်ဘေးရှောင်များကိုဆန်နှင့်ပဲများဝေးမည်ဟုဆိုကာ စုရုံးခေါ်ယူ၍မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီးနောက် ရိက္ခာများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်သိမ်းယူသွားကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြထားသည်။
” ဒါကလည်းသူတို့ရဲ့ နည်းဗျူဟာတခုလို့မြင်ပါတယ်။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ လူတွေဘယ်လောက်ရှိနေပြီး။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လောက်လုပ်နေပြီးစတဲ့ နိုင်ငံတကာရဲ့အာရုံစိုက်မှုရဖို့ လုပ်ဆောင်နေတာလို့ပြောလို့ရပါတယ်ဗျ “ဟုဦးဗညားကပြောသည်။
ကရင်နီပြည်နယ်တွင် ယခင်ရှိပြီးသား စစ်ရှောင်နှစ်သိန်းဝန်းကျင်အပြင် ယခုလအတွင်း၌ စစ်ကောင်စီ၏ထိုးစစ်ဆင်နေမှုကြောင့် ဒီးမော့ဆို၊ လွိုင်ကော်၊ဘောလခဲ၊ ဖရူဆိုမြို့နယ်များနှင့်ရှမ်း–ကယားနယ်စပ် ဖယ်ခုံ၊ပင်လောင်းမြို့နယ်များမှ စစ်ဘေးရှောင် ၅၀၀၀၀ ကျော်မှာ အရေးပေါ်ထွက်ပြေးရှောင်တိမ်းနေကြရသည်။
ပုံစာ–ယခုလအတွင်း ထိုးစစ်များကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းမှ ဒေသခံများရှောင်တိမ်းနေမှုများ။t