မတ် ၂၈ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင် တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထိုင်း–မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက ယနေ့နံနက်အစောပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
“စခန်းကိုအားလုံး ဝိုင်းပြီးတော့က ပစ်တာ။ ၄၀ ကျော်၅၀ ကြားတော့သေဆုံးတယ်။ ပိတ်မိတဲ့အခြေအနေမှာထိခိုက်သေဆုံးမှုများတာ။ လေယာဥ်နဲ့လာပစ်ပေမယ့်မထွက်နိုင်ကြဘူး “ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။
KNLA တပ်ဖွဲ့ဝင်များကိုထောက်ပံ့နေသူ အခြားသတင်းအရင်းအမြစ်တစ်ဦးကလည်း ယနေ့နံနက်ပိုင်း၌ဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ကိုရှင်းလင်းနိုင်ခဲ့သည်ဟု သံလွင်ခက်ကိုပြောသည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသလို KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူတစ်ဦးမှာ စိုးရိမ်ရသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်မှလေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သောကြောင့် အနီးနားရှိကျေးရွာများမှဘေးခံများမှ ဘေးလွတ်ရာထွက်ပြေးကြရပြီး တချို့မှ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးကြရသည်ဟု သိရသည်။
ထိုစခန်းသည် တပ်မဟာ၅နယ်မြေအတွင်းရှိ သက်တမ်းရှည်စခန်းတစ်ခုဖြစ်ပြီး အချက်အချာကျသော နေရာဖြစ်သောကြောင့် အင်အားရာချီရှိနိုင်သည်ဟု KNLAနှင့်နီးစပ်သူများကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူတပ်မဟာ၅ တာဝန်ရှိသူများထံ သံလွင်ခက်ကဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ပုံစာ–မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်၊ခဲယမ်းများ။