မတ် ၂၃ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF စခန်း၏ လက်နက်ပစ္စည်းဂိုဒေါင်မီးလောင်ခဲ့ပြီး ကျပ်သိန်း၃၀၀၀ ဝန်းကျင်အထိ ပျက်စီးဆုံးရှုံးခဲ့သည်။
ယမန်နေ့မတ်လ ၂၂ ရက် နံနက် ၆ နာရီတွင် ရဲဘော်များ PTပြေးနေချိန်၌ ယမ်း၊မိုင်း၊လက်နက်ပစ္စည်းများထားရှိသော ဂိုဒေါင်အား မီးလောင်ခဲ့သည်ဟု ဂဠုန်တပ်တော် PDFက ဖော်ပြထားသည်။
ယမ်းအမျိုးအစား အပူအအေး မမျှတခြင်းကြောင့် ယမ်းမတည့်၍ စတင်ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးလောင်ကျွမ်းခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်ကျွမ်းမှုတွင် ယမ်းများ၊မိုင်းများ ၊ လက်နက်များ(လက်နက်ငယ်များအပါအဝင် လက်နက်ကြီးပြောင်းများ၊အဖူးများ)၊ တဲ ၃လုံး ရဲဘော်များ၏ဖုန်းများ (၁၀လုံးခန့်) ၊ အ၀တ်စားများ ၊စောင်များ ၊ ဖိနပ်များ နှင့်အထွေထွေအသုံးအဆောင်များပျက်စီးခဲ့သည်။
ထိုပစ္စည်းပျက်စီးသွားသည့်အတွင် ဂဠုန်တပ်တော်မှ စုစုပေါင်းကျပ်သိန်း ၂၉၀၀ မှ သိန်း ၃၀၀၀ ကြား ဆုံးရှုံးခဲ့ရသည်ဟုသိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဥ်အတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်အဆုံးအရှုံးမရှိခဲ့သော်လည်း အားလုံးသောထောက်ပို့ပြည်သူတို့၏ ချွေးနဲစာဖြင့် ထောက်ပံ့ကူညီထားသော ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်ဟု ဂဠုန်တပ်တော်က ဖော်ပြထားသည်။
ဂဠုန်တပ်တော် ရှေ့ဆက်တော်လှန်နိုင်ရန် နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက်ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးကြပါရန် ဂဠုန်တပ်တော်က မေတ္တာရပ်ခံတောင်းဆိုထားသည်။
ဓာတ်ပုံ-PEOPLE DEFENCE FORC (GALON)
ဂဠုန်တပ်တော် (ဒီပဲယင်း)