မတ် ၂၃ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊မတူပီ–ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရိက္ခာဖြည့်တင်းရန်လာသည့် ယာဥ်တန်းအား မတူပီ CDFက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ ဦးသေဆုံးခဲ့သည်။
မတူပီမြို့ ခလရ(၃၀၄) မှ ကားသုံးစီးနှင့်အင်အား ၈၀ဦးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် မတူပီ–ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာများ ဖြည့်နိုင်ရန် မတ်လ ၂၀ရက်တွင် ထွက်လာခဲ့သည်။
တပ်အင်အားနှင့်စားနပ်ရိက္ခာများတင်ဆောင်လာသော အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းအား မတ်လ၂၀ရက်နံနက် ၁၀ နာရီခန့်တွင် မတူပီ–ပလက်ဝလမ်း ၆မိုင်တွင်တစ်ကြိမ်၊ နေ့လည် ၁နာရီတွင် မိုင်တိုင် ၇–၈ ကြားတွင်တစ်ကြိမ် မတူပီ CDF ကကြားဖြတ်တိုက်ခိုက်ခဲ့သည်။
မတ်လ၂၁ရက် နံနက်၉နာရီခွဲတွင် မိုင်တိုင်၉ နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် မတူပီ–ပလက်ဝလမ်း မိုင်တိုင်(၁၂) တွီးရှစ်ရွာ အထွက်သင်္ချိုင်းကုန်းနှင့် ပန်တွီးလမ်းခွဲရောက် မတ်လ ၂၂ ရက်နံနက်ပိုင်းတွင် မတူပီCDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
နံနက် ၆း၅၀ နာရီမှ ၈း၀၀ နာရီအထိဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှ ၆ဦးသေဆုံး၍အများပြားဒဏ်ရာရရှိခဲ့သည်ဟု မတူပီCDFက ထုတ်ပြန်သည်။
အထိနာခဲ့သောစစ်ကောင်စီတပ်သည် မတ်လ ၂၂ရက် နေ့လည် ၂ နာရီနှင့်၃ နာရီကြားတွင်စစ်ကူအင်အား ၃၀ဦးထပ်ဖြည့်ခဲ့သည့်အပြင် ဒဏ်ရာရရှိသူများကို ရဟတ်ယာဥ်ဖြင့်လာရောက်တင်ဆောင်သွားခဲ့သည်။
ထိုထိတွေ့တိုက်ပွဲအတွင်း မတူပီCDFတပ်ဖွဲ့ဝင်များက အထိအခိုက်မရှိ ခုခံကာကွယ်ထားနိုင်သည့်အတွက် စစ်ကောင်စီတပ်ယာဥ်တန်းသည် ရှေ့ဆက်မတိုးနိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည် ဆုတ်ခွာခဲ့ကြသည်။
လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာ ပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်မှ လေယာဥ်များ အသုံးပြုနိုင်သည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ဘေးကင်ရာသို့ ရွေ့ပြောင်းကြပါရန်နှင့် ကတုတ်ကျင်းများ အဆင်သင့်ထားရှိရန်မတူပီCDFက ယနေ့တွင်သတိပေးထားသည်။
ပုံစာ–ယခုနှစ် ဇန်နဝါရီလ ၂၁ရက်တွင် မင်းတပ် – မတူပီလမ်းပေါ်ရှိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် MA-1 လက်နက်နှင့် CDF Matupiရဲဘော်များ။