ကရင်ပြည်နယ် ၊မြဝတီမြို့တွင် လျှပ်စစ်မီးရရှိခြင်းမရှိသော်လည်း မီတာထိန်းသိမ်းခ လစဉ် ပေးဆောင်နေရသည်ဟု မြို့ခံများက သံလွင်ခက်ကို ပြောသည်။
မြဝတီမြို့တွင် ယမန်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကစပြီး လျှပ်စစ်မီးမရရှိဘဲ မီတာထိန်းသိမ်းခပေးဆောင်နေရခြင်းဖြစ်သည်ဟု အသက်၄၀ အရွယ် မြဝတီမြို့ခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“တစ်လ ၅၀၀ မီတာထိန်းသိမ်းခ လတိုင်းပေးနေရတာ။မြဝတီမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင်မီတာ အလုံးတစ်သိန်းလောက်ရှိမယ် ။မီးမရပဲ ပိုက်ဆံပေးနေရတာ။သတ်မှတ်ရက်ကျော် လို့မဆောင်လို့ရှိရင်လဲ ၂၅၀၀ပေးရတယ်“ဟု ၎င်းက ဆိုသည်။
လျှပ်စစ်မီး ပြတ်တောက်နေသည့်အတွက် ဆိုလာမီး၊အင်ဗာတာမီးတို့ကိုမဖြစ်မနေ အသုံးပြုနေရပြီး ဆိုလာပြားဈေးနှုန်းများမှာလည်း မြင့်တက်နေသည်။
ဆိုလာပြားဝယ်ယူရန်မတတ်နိုင်သူများအနေဖြင့် ဖုန်းအားဖြည့်ရန် မီးစက်ရုံးများတွင် သွားရောက် အားသွင်းနေရသည်ဟု မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
“လျှပ်စစ်မီးမှမပေးတာ လူတွေလဲ မရှိရှိတာကြံဖန်ပြီးဝယ်ကြရတော့ ဈေးတွေတအားတက်တာပေါ့။ မဝယ်နိုင်တဲ့သူတွေကတော့ ဖုန်းတစ်လုံးကို ငါးရာ၊power bankတစ်လုံးကို သုံးထောင်ကျပ်အထိပေးပြီး မီးစက်ရုံးတွေမှာ သွားသွင်းကြရတာ။အဲ့လိုသွားသွင်းတဲ့ခါမှာလဲ အား၅၀ ရာခိုင်နှုန်းရဖို့ကို လေးနာရီလောက်ကြာအောင်စောင့်ရတယ်” ဟု ၎င်းက ပြောသည်။
အချိန်ကြာမြင့်စွာစောင့်ရသည့်အပြင် မီးစက်ရုံးရှေ့ရှိ လမ်းပေါ်က အမိုးအကာမရှိသည့်နေရာတွင် အားသွင်းနေရသည်ဟု ၎င်းကဆက်ပြောသည်၊
မိုးတွင်းကာလရောက်လာသည့်တိုင် လျှပ်စစ်မီးပြန်လည်ရရှိခြင်းမရှိပါက ပိုမိုခက်ခဲလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။
၂၀၂၂ခုနှစ် သြဂုတ်လ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လျှပ်စစ်မီးတိုင်ကျိုးပျက်စဉ်ကလည်း မြဝတီမြို့တွင် လနှင့်ချီ လျှပ်စစ်မီးပြတ်တောက်ခဲ့ဖူးသည်။
ပုံစာ–မီးစက်ရုံးရှေ့တွင် ဖုန်းအားသွင်းနေကြသည့်မြင်ကွင်း။
Photo-CJ