စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ယာယီစစ်ဘေးရှောင် ကလေးငယ်များကို သံချဆေးတိုက်ကျွေးခဲ့သည်ဟု စစ်ဘေးရှောင် ကူညီသူများထံက သိရသည်။
ကနီမြို့နယ်အတွင်းရှိ လုံခြုံရေးအရအမည်မဖော်လိုသော ကျေးရွာနှစ်ရွာတွင် မတ်လ ၂၁ ရက်နေ့က ကလေးငယ်၁၄၁ ဦးကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်)အဖွဲ့ဝင်များက သံချဆေး တိုက်ကျွေးခဲ့ခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။
အဆိုပါ သံချဆေးတိုက်ကျွေးခြင်းအစီအစဉ်ကို (၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော “ လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ်” လူထုလှုပ်ရှားမှု ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည်အောင်နိုင်က “ကလေးဆိုတာ နောင်တစ်ချိန်တိုင်းပြည်တာဝန်ထမ်းဆောင်ရမှာလေ။ သူတို့တွေကျန်းမာမှဖြစ်မယ်။ အဲဒါကြောင့် စွမ်းနိုင်တဲ့နေရာကနေ ဝိုင်းကူတာပါ” ဟုပြောသည်။
သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းစဉ်ကိုအသက် ၂ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ်များအား ခြောက်လတစ်ကြိမ်တိုက်ကျွေးပြီး ယခုအချိန်အထိ ကလေးငယ် ငါးထောင်ကျော်ခန့်ကို ဆေးတိုက်ကျွေးပြီးခဲ့ပြီဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် ညီမျှခြင်းမြန်မာ ( Equality Myanmar ) တို့ပူးပေါင်း၍ (၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော “ လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ်” လူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ပုံစာ− ကလေးငယ်များကို သံချဆေးတိုက်ကျွေး နေသည့်မြင်ကွင်း။
Photo- PAN Facebook