ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို ကျူးကျော်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသည်ဟု သိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှအထိနာသဖြင့် လေကြောင်း ပစ်ကူ အပါအဝင် လက်နက်ကြီးအလွန်အကျွံအသုံးပြုတိုက်ခိုက်နေသည်ဟု ယနေ့တွင်ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။
ယမန်နေ့ မတ်လ၂၁ ရက် နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုအတွင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့သည်။
တစ်နေကုန်နီးပါးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ အသေအဆုံးများပြီး အထိနာသဖြင့် ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်၊၊
ထို့ပြင် ညနေ ၅နာရီနှင့် ၆နာရီကြားတွင် တိုက်လေယာဉ်နှစ်စီးဖြင့် ၆ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲအတွင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၁ဦးကျဆုံး၍ ရဲဘော်၂ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ရှမ်း–ကရင်နီနယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။