မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်–အမှတ်၁ ထင်းတန်းရပ်ရှိ မြို့ပေါ်မစ်ရှင်များပြုလုပ်နေသည့် လျှို့ဝှက်စခန်းတစ်ခု အသိမ်းခံခဲ့ရသည်ဟု သိရသည်။
အသိမ်းခံရသည့်နေအိမ် အဆောက်အအုံသည် Myingyan Black Tiger (MBT)၏ စခန်းအမှတ်၂ဖြစ်ပြီး ဒလန်သတင်းပေးကြောင့် ဝင်ရောက်အသိမ်းခံရခြင်းဖြစ်သည်ဟု MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
“သတင်းပေးလိုက်ပြတာပါ အဲလူအကြောင်းတော့သေချာမသိရဘူး မြို့ပေါ်မစ်ရှင်တွေလုပ်တဲ့နေရာသိမ်းခံလိုက်ရတော့ တော်တော်ဒုက္ခရောက်ရတယ်“ဟု ဆိုသည်။
မတ်လ၂၁ရက် မွန်းလွဲ နှစ်နာရီခန့်တွင် စစ်ကောင်စီဘက်မှ အလုံးအရင်းနှင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း လက်နက်များဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်မိုက်ခဲကပြောသည်။
“ဟိုဘက်ကဝင်လာတော့ ပြန်တော့ပစ်သေးတယ် အင်အားမမျှလို့ဆုတ်လာရတာ လက်လုပ်ပခုံးထမ်းလောင်ချာ၂လက်ရယ် RPGတစ်လက်ရယ် သိန်း၇၀ဖိုးလောက်ဆုံးရှူံးသွားတယ်“ဟု ၎င်းကဆိုသည်။
MBT အဖွဲ့သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် အခြေပြုလှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မတ်လ၁၈ရက်တွင် ဌာနချုပ်စခန်းကို စစ်ကောင်စီ ဘီလူးစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပုံစာ–စစ်ကောင်စီချန်နယ်များတွင် တင်ထားသည့် သိမ်းဆည်းခံ လက်လုပ်လောင်ချာနှင့် RPGများ။