ပျူစောထီးများကိုပင် ထိန်းချုပ်နိုင်ခြင်းမရှိသည့် စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်တွင် ပျူစောထီးရန်ကြောက်ရ၍ကျေးရွာ ၂၇ ရွာမှဒေသခံပြည်သူများဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများမထိုးသည့်မှာ အချိန်နှစ်ပတ်ကျော်ကြာနေပြီဖြစ်သော်လည်းပျူစောထီးရွာများနှင့်နီးသည့် ကျေးရွာများမှ ဒေသခံ ၇၀၀၀ ဦးဝန်းကျင်သည်ရှောင်တိမ်းနေကြရဆဲဖြစ်သည်။
” စစ်ကြောင်းမရှိပေမယ့် သူတို့ရိက္ခာပြတ်ပြီးဆိုရင် သူတို့ပျူရွာတွေနဲ့နီးစပ်ရာရွာတွေကိုဝင်ပြီးအကြမ်းလုယက်တယ်။ အဲလိုလုပ်တဲ့အတွက် အနီးနားမှာတဲ့ကျေးရွာ ၂၇ ရွာက ဒေသခံအားလုံးထွက်တာမဟုတ်ဘူး။ မနေရဲတဲ့ဒေသခံတွေ ရှောင်နေကြတာပေါ့နော်။ မနေရဲတဲ့သူတွေပဲ ရှောင်နေတာ ၇၀၀၀ ဝန်းကျင်လောက်ရှိတယ် “ဟု စစ်ရှောင်များကိုကူညီနေသည့်ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူ ကိုနေသူရက ပြောသည်။
ခင်ဦးမြို့နယ်တွင် ရွာသစ်ကုန်း၊ ပျဥ်ထောင်၊ မဒေါင်းလှ၊ မကျည်းတုန် စသည့်ပျူစောထီးရွာ ၄ရွာရှိပြီး ထိုရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူစောထီးတပ်ဖွဲ့ဝင် ၃၀၀ ဦးကျော်ရှိသည်ဟု သိရသည်။
ထိုပျူစောထီးကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ ၅ မိုင်ခန့်အကွာတွင်ရှိနေပြီး အဆိုပါပျူရွာများနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ပျူစောထီးများ၏ မကြာခဏဝင်ရောက်မွှေနှောက်ခြင်းကိုခံနေကြရသည်။
ခင်ဦးမြို့နယ်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းတစ်ခုသာရှိပြီးအဆိုပါတပ်ရင်းနှင့်ဒေသခံကာကွယ်ရေးအဖွဲ့တို့သည် လက်နက်၊ခဲယမ်းမလုံလောက်မှုကြောင့် စစ်ကြောင်းနှင့်ပျူစောထီးများရန်ကိုကာကွယ်ရန်ခက်ခဲနေသည်။
” ကျွန်တော်တို့ဆီမှာ MOD လက်အောက်ခံ ရွှေဘိုခရိုင်အမှတ် ၃တပ်ရင်း တစ်ရင်းပဲရှိတယ်။ တစ်ခုထဲရှိတဲ့တပ်ရင်းကလည်း ထောက်ပံ့မှုအပြည့်အဝမရဘူးပေါ့နော်။ ဒီလိုဖြစ်တာကကျွန်တော်တို့မြို့နယ်တပ်ရင်းတစ်ခုတည်းမဟုတ်ဘဲ ဒီပဲယင်း၊ရေဦး၊တည့်ဆည်တို့ကတပ်ရင်းတွေကလည်း ထောက်ပံ့မှုရရဲ့လားလို့မေးရင် ရတယ်။ ဒါပေမယ့် မလုံလောက်ဘူးပေါ့နော် “ဟု ခင်ဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဒေသခံပြည်သူများ၏ လုံခြုံရေးကိစ္စများဆောင်ရွက်ရန် NUG ထံမှ ထောက်ပံ့မှုအလုံအလောက်မရရှိသည့်အပြင်အခြားထောက်ပံ့မှုများမှလက်နက်၊ ခဲယမ်းများ ဖြည့်တင်းရန်အတွက်မှာလည်းဒေသတွင်းရှိ မီးဘေးသင့်နှင့်စစ်ဘေးရှောင်ပြည်သူများ၏အရေးပေါ် လိုအပ်မှုများကို ဦးစားပေးဖြည့်ဆည်းပေးနေရသည်ဟု ၎င်းကပြောသည်။
ခင်ဦးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များကနယ်မြေများကို မထိန်းချုပ်နိုင်သည့်အပြင် ခင်ဦးမြို့နယ်အတွင်းကိုကုန်စည်စီးဆင်းသည့် အဓိကလမ်းမကြီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့်အတွက်ဆေးဝါးနှင့်ကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများကို မှောင်ခိုလမ်းကြောင်းနှင့်တောလမ်းကြောင်းတို့မှသယ်ယူနေကြရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအစပိုင်း၌ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့်ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီလဒုတိယအပတ်မှစ၍ ယခုမတ်လ ပထမအပတ်တွင်းထိ စစ်ကြောင်းထိုးခံခဲ့ရပြီး နေအိမ် ၈၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
လက်ရှိ ခင်ဦးမြို့နယ်တွင် နေအိမ် ၄၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရပြီး မီးဘေးသင့်နှင့်စစ်ဘေးရှောင်များအတွက် နေစရာ၊စားစရာများ အရေးပေါ်လိုအပ်နေဆဲအခြေအနေဖြစ်သည်ဟု ကူညီသူများထံမှသိရသည်။
ပုံစာ–ယခုလအစပိုင်းတွင် စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးဒေသခံများထွက်ပြေးနေကြရမှု။