တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းသည် PDF ယူနီဖောင်းများဝတ်ကာ ဝင်ရောက်လာမှုကြောင့် စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ယခု မတ်လ၁၉ရက်တွင် ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ် ငရံ့အိုရွာမှတဆင့် ရေစကြိုမြို့နယ်အတွင်းသို့ဝင်ရောက်လာခဲ့သည်ဟု Shwe Lal Kyun PDF တာဝန်ခံရဲဘော် ဗိုလ်ဗန်ဒိန်းက သံလွင်ခက်ကိုပြောသည်။
“လုံခြုံရေးအရ ရွာနာမည်တော့မပြောတော့ဘူး စခန်းအထိုင်ချရာရွာနားလေးကို မနက်ငါးနာရီခွဲလောက်မှာရောက်လာတာ“ဟု ဆိုသည်။
PDF ဘတ်တံဆိပ်ပါယူနီဖောင်းများ၊ T-shirt အင်္ကျီများဖြင့် ဝင်ရောက်လာခဲ့သည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင်အင်အား၆၀ခန့်ပါရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များဟု ထင်မှတ်ကာ ထွက်နှုတ်ဆက်သည့် ပြည်သူတချို့ အဖမ်းခံခဲ့ရသည်ဟုသိရသည်။
“စစ်ကြောင်းရွာအရှေ့ဝင်ဝင်ချင်း ၅၂နှစ်အရွယ်အမျိုးသားတစ်ယောက် ပစ်သတ်ခံလိုက်ရတယ်။ နောက်၄၇နှစ်အရွယ်အမျိုးသား တစ်ယောက်ကတော့ နှိပ်စက်ခံရပြီးသေသွားတယ်“ဟု ဗိုလ်ဗန်ဒိန်းကပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများကိုစောင့်ဆိုင်းကာကယ်ထုတ်ခဲ့သော်လည်း ရွာခံပြည်သူအချို့မှာဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေပြီး ၅၀ ဦးခန့်ဖမ်းဆီးခံခဲ့ရသည်ဟု လွတ်မြောက်လာသူတစ်ဦးကဆိုသည်။
ဘီလူးစစ်ကြောင်းသည် ရွာအနောက်ဘက်ရှိ Shwe Lal Kyun PDF စခန်းကို ညနေ ၁နာရီ ၄၅မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ကိုးလုံးခါးချိုးသေနတ်များ၊မိုင်းများ၊ ထုတ်လုပ်ရေးပစ္စည်းများ၊ယမ်းပျော့ TNTများ၊ ကျည်များ၊ကင်းထောက်ဒရုန်းတစ်စီး၊ ယူနီဖောင်းများ အပါအဝင် ကာလတန်ဖိုးကျပ် သိန်း၃၅၀ခန့်ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်ဗန်ဒိန်းထံမှတဆင့်သိရသည်။
“အလစ်တိုက်ခံလိုက်ရတာ ရွာထဲပြည်သူတွေရှိနေတာရယ် လက်နက်အင်အားအရမ်းကွာနေတာရယ်ကြောင့်ပစ်ခတ်မှုတော့မဖြစ်ခဲ့ဘူး အကုန်လုံးကိုမကာကွယ်ပေးနိုင်တာအားနာရတယ်“ဟု ၎င်းကဆိုသည်။
စခန်းဖျက်ဆီးခံခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲဝ ဆက်လက်တော်လှန်သွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများပေးကြရန် မေတ္တာရပ်ခံထားသည်။
အဆိုပါ ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ပန်းညို၊ ညောင်းကားယား၊ ရေပုလဲ၊ ပေါက်ချောင်းစသည့်ရွာအစဥ်အတိုင်း စစ်ကြောင်းထိုးနေကာ ယမန်နေညတွင် ခေါင်းခွဲနှင့် မြစ်ဆုံရွာကြားရောက်ရှိနေသည်ဟု သိရသည်။