မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောထဲများ၌ ရှောင်တိမ်းနေကြရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များသည်ညတွင်းချင်းမိုးရေထဲ ရွေ့ပြောင်းခဲ့ကြရပြီး နေစရာအတွက် အရေးပေါ်ပြင်ဆင်ပေးနေရသည်ဟု ကူညီပေးနေသူများထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၇၀၀၀ ဦးခန့်သည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့်နေအိမ်များမီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ မီးဘေးသင့်စစ်ဘေးရှောင်အများအဖြစ် တောထဲတွင်ယာယီတဲလေးများဆောက်လုပ်၍ ခိုလှုံနေကြရသည်။
” ရာသီဥတုဖောက်တာ ၃ရက်လောက်ရှိပြီးပေါ့နော်။ မနေ့ကစပြီးတော့ မိုးသည်းကြီးမည်းကြီးရွာတာပေါ့နော်။ ခါတိုင်းရက်တွေဆို မိုးကတစ်ဖြောင့်နှစ်ဖြောင့်လောက်ပဲရွာတော့ အရေးမကြီးဘူးပေါ့။ မနေ့ည ၈နာရီလောက်မှာစရွာတယ်ပေါ့နော်။ လေတွေမိုးတွေကျလာတော့ တောတဲတွေထဲနေလို့မရတော့ပဲ ညဘက်ကြီးပြောင်းရွေ့ရတာပေါ့နော်“ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါစစ်ဘေးရှောင်များသည်နီးစပ်ရာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့ ပြောင်းရွေ့လာကြရခြင်းဖြစ်ပြီး အဆိုပါနေရာများတွင်လည်း မူလစစ်ရှောင်များရှိသောကြောင့် နေရာမဆံ့သည့်အခက်အခဲများရှိနေသည်။
” နဂိုရှိပြီးသားစစ်ဘေးရှောင်တွေနဲ့ပေါင်းတဲ့အခါမှာ နေရာမရကြဘူး။ တစ်ညလုံးမအိပ်ကြရဘဲ စုပြီးထိုင်နေကြရတယ်။ တချို့ဆို အခုမနက်ပိုင်းလောက်မှနေရာရပြီး အိပ်ကြရတယ် “ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသူတစ်ဦးကပြောသည်။
စစ်ဘေးရှောင်များသည် တစ်ညလုံးမိုးရေစိုများဖြင့် ရွေ့ပြောင်းနေကြရသဖြင့် သက်ကြီးပိုင်းနှင့်ကလေးငယ်တချို့တို့မှာ အအေးမိဖျားနာမှုများရှိနေသည်ဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် နေစရာများဆောက်လုပ်ပေးနေရာ အမိုးအကာတို့အတွက် ဝါး၊ ထန်းရွက်၊မိုးကာများ အရေးပေါ်လိုအပ်နေပြီး ထောက်ပံ့ငွေရရှိလျှင် လိုအပ်သည့်ပစ္စည်းများကို အလွယ်တကူဝယ်ရရှိနိုင်သည်ဟု ခင်ဦးမြို့နယ်သတင်းပြန်ကြားရေး တာဝန်ခံကိုနေသူရက ပြောသည်။
ခင်ဦးမြို့နယ်အတွင်း၌ စစ်ကြောင်းထိုးမှုများအပါအဝင် ပျူကျေးရွာများရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးတို့ကလည်း ရိက္ခာများအတွက် အနီးနားရှိရွာများသို့ မကြာခဏ ဝင်ရောက်မွှေနှောက်နေသောကြောင့် ကျေးရွာ၂၇ရွာမှ ဒေသခံ၇၀၀၀ ဦးဝန်းကျင်တို့မှာ ဘေးလွတ်ရာရှောင်တိမ်းနေကြရဆဲဖြစ်သည်။
နေစရာများလိုအပ်သည့် မီးဘေးသင့်စစ်ရှောင်ပြည်သူများအတွက် လာမည့်မိုးရာသီအတွက်ပါရည်ရွယ်၍ နေရာများကိုရသမျှနည်းလမ်းများဖြင့်ကြိုးစားပြုလုပ်ပေးနေရသော်လည်း စစ်ကြောင်းများဝင်လာပြီးထပ်မံမီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ကိုနေသူရကပြောသည်။
ပုံစာ–ယခုလအစပိုင်းတွင် စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးဒေသခံများထွက်ပြေးနေကြရမှု။