ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းလို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၄၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့ မတ်လ ၂၀ရက်နေ့ နံနက် ၄း၃၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီဘက်မှ နတ်သံကွင်း တံတားထိပ်မှနေပြီးလက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးများမှာ ဥသျှစ်ကုန်းရွာအတွင်းနှင့်အနီးတစ် ဝိုက်တွင်းကျရောက်ပေါက်ကွဲခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် ရေတွင်းကုန်းကျေးရွာတွင် ဝင်ရောက်စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်များမှ နံနက် ၅း၃၀နာရီ ခန့်တွင် ရေတွင်ကုန်းကျေးရွာမှတစ်ဆင့် ဥသျှစ်ကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်လာသည်။
ယင်းမတိုင်မှီအချိန်တွင် လက်နက်ကြီး ၆၇ လုံးကို ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာအုန်းပင်စုရွာ အတွင်းနှင့်အနီးတစ်ဝိုက်တွင် ၅၇ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဥသျှစ်ကုန်း ရွာအတွင်းမှာမူ ၁၀ လုံးကျရောက်ခဲ့သည်။
ထို့နောက်စစ်ကောင်စီတပ်မှ နံနက် ၁၀:၅၀ နာရီခန့်တွင် ဒရုန်းဖြင့် ရေလဲကျေးရွာအတွင်းသို့ လက်နက်ကြီး ၆ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်သည့်အပြင် ဒေသခံပြည်သူစုစုပေါင်း၂၂ ဦး ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ကြိုးတုတ်ဖမ်းဆီးပြီးသွားသည့်အပြင် ဒေသခံအမျိုးသမီးတစ်ဦး၏ ငွေကျပ် ၇ သိန်းနှင့် ဖုန်း၃ လုံး ကိုပါ အဓမ္မယူဆောင်သွားခဲ့သည်ဟု ကေအဲန်ယူဗဟိုကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ဒရုန်းများဖြင့်နေ့စဉ်ပစ်ခတ်တိုက်ခိုက်သောကြောင့် ကေအဲန်ယူ–မူးမြို့အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာစုစုပေါင်း ၇ ရွာမှ လူဦးရေစုစုပေါင်း ၄၁၅၂ ဦးအထိရှိလာခဲ့သည်။