ထိုင်းနိုင်ငံ PTTEP ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမရှိပါက စင်ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲဆိုမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက မနေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
”ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရလဒ်နဲ့ သိပ်ပြီးတော့မကိုက်ညီဘူးဆိုရင်ပဋိညာဉ်စာချုပ်ပါ ပေးထားချက်နဲ့ကတိကဝတ်များအရ စင်ကာပူအနုညာတအငြင်းပွားမှုဆိုင်ရာခုံရုံးကိုဦးတိုက်လျှောက်ထားသွားမှာဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တရားစွဲမည်ဆိုပါက တရားရုံးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကုန်ကျနိုင်ပြီး ယင်းသို့ဆောင်ရွက်ရန်အလှူငွေမရပါက NUG အစိုးရဘဏ္ဍာငွေမှ ကျခံသုံးစွဲသွားမည်ဟု NUG သက်ဆိုင်ရာတာဝန်ရှိသူများကသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ်ဖြေရှင်းချက်နှင့်အတူ စီမံကိန်းရဲ့ အနာဂတ်ငွေပေးချေမှုအားလုံးကို NUG အစိုးရဲ့ သဘောတူလက်ခံသည့် ငွေစာရင်းကို လွှဲပြောင်းဆောင်ရွက်ရန်လည်း NUG ကတောင်းဆိုထားသည်။
ယခုကဲ့သို့ဆောင်ရွက်ခြင်း PTTEP အပေါ်ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မရှိဘဲ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေခြင်းကြောင့် ဟု NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးစိုးသူရထွန်းကပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းတွင် မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်း ၄ခုတွင် ရင်းနှီးမြှုပ်နှံကာ စစ်ကောင်စီကို ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် PTTEPကုမ္ပဏီအမှတ်တံဆိပ်ကို သပိတ်မှောက်ဆန္ဒပြမှုများလည်းရှိခဲ့သည်။
Photo-PTTEP