ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်းရှိ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည့် KNLA နှင့်PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းမှရဲဘော်များသည် ရာသီဥတုဒဏ်နှင့်ခြင်ကိုက်သည့်အခြေအနေများကြောင့် ငှက်ဖျားဖြစ်ပွားမှုများနေသည်ဟု သိရသည်။
ကော်ဘရာစစ်ကြောင်း တပ်ခွဲ၄ တပ်စု၂အတွင်းရှိရဲဘော်များတိုင်းငှက်ဖျားဖြစ်ပွားနေပြီး ထပ်ကာထပ်ကာပြန်ဖြစ်ပွားနေလေ့ရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း ဆေးမှူးကပြောသည်။
“တစ်လအတွင်းအနည်းဆုံးပျှမ်းမျှအားဖြင့် အယောက်၂၅ယောက် ၃၀တော့ဖြစ်တယ်။ တစ်ယောက်ကိုအနည်းဆုံးတစ်လကို တစ်ကြိမ်လောက်တာ့ဖြစ်တယ် ” ဟု ၎င်းကပြောပြသည်။
ရဲဘော်များအနေဖြင့် မကြာခဏငှက်ဖျားဖြစ်ပွားနေရာ ရှေ့တန်းရောက်သောရဲဘော်များသည် ဆေးဝါးမလုံလောက်မှုများဖြင့်ပင်ကြုံနေကြရသည်။
ဆေးဝါးမလုံလောက်မှုကြောင့် ရဲဘော်သုံးဦးတစ်ပြိုင်တည်း ငှက်ဖျားဖြစ်လျှင် အပူအပြင်းဆုံးသူကို ဆေးအရင်ပေးထားရပြီး ကျန်ရဲဘော်များက ဆေးဝါးရရှိလာမှ ကုသမှုခံယူရသည်။
“ ငှက်ဖျား၂ကြိမ်ဖြစ်တယ်။ ငှက်ဖျားပထမတစ်ခါဖြစ်တုန်းကတော့ အဲ့တုန်းကဆေးစစ်ပစ္စည်းတို့ဆေးဝါးတို့လည်းမစုံဘူး။ ငှက်ဖျားဆေးလည်းမရှိတော့ကိုယ်ပူပျောက်ဆေးပဲသောက်ရတယ် ” ဟု လက်ရှိငှက်ဖျားရောဂါခံစားနေရသည့် ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါရဲဘော်သည် ပထမအချိန်ငှက်ဖျားဖြစ်ပွားစဥ်က ဆေးဝါးများမရှိမှုကြောင့် နှစ်ပတ်ခန့်အကြာထိ ဆေးဝါးကုသမှုမခံယူခဲ့ရဘဲ နောက်တန်းပြန်ရောက်မှ ဆေးကုသခဲ့ရသည်ဟု ၎င်းကပြောသည်။
ရှေ့တန်းရှိရဲဘော်များအတွက် ဆေးဝါးလုံလောက်မှုသည့် သယ်ယူပို့ဆောင်ရေးအတွက် လမ်းခရီးအခက်အခဲနှင့်ကားမရှိခြင်းကြောင့်ဖြစ်သည်ဟု တပ်ခွဲ၄ ဆေးမှူးကပြောသည်။
“ကျွန်တော်တို့အဖွဲ့ကကားမရှိဘူးလေ။ ကားမရှိတဲ့အတွက်ဆေးမှာရတဲ့အခါ ကားနဲ့သွားယူရင်လမ်းခရီးက ၂နာရီလောက်ကြာတဲ့အခါကျတော့အခက်အခဲဖြစ်တယ်။ လမ်းခရီးမှာအခက်အခဲဖြစ်ပေမယ့် လူနာအတွက်အရမ်းကြီးအန္တရာယ်ဖြစ်လာတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ကားခေါ်ပြီးတော့နောက်တန်းပြန််ပို့တယ် “ဟု ၎င်းကပြောသည်။
ဆေးဝါးများသည် နောက်တန်းစခန်းများတွင်အလုံအလောက်ရှိသော်လည်း ရှေ့တန်းရဲဘော်များ လိုအပ်လာလျင်အချိန်နှင့်တပြေးညီရရှိနိုင်မလွယ်ကူဟု သိရသည်။
ထို့ပြင် ရဲဘော်များအတွက် လိုအပ်သည့်ဆေးဝါးတချို့မှာလည်းဝယ်ယူရေးပိုင်းတွင် အခက်အခဲရှိနေသည်။
” ငှက်ဖျားကခြင်ကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက် တပ်စုတစ်စုမှာ ငှက်ဖျားဖြစ်တာများလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့က ကာကွယ်တဲ့အနေနဲ့ သူတို့ကိုခြင်ဆေးတွေပေးတယ်။ သူတို့ရဲ့စားဝတ်နေရေး၊ ကျန်းမာရေးကိုကျွန်တော်တို့က သူတို့အစားပိုပြီးဂရုစိုက်ပေးရတယ် ” ဟု တပ်ခွဲ၄တပ်စုမှူး ရဲဘော်မဲကြီးက ပြောသည်။
ရှေ့တန်းတွင်အခက်အခဲများကြားမှ ငှက်ဖျားရောဂါခံစားနေကြရသည့်ရဲဘော်များကို အခြားရဲဘော်ကပြန်လည်ပြုစုပေးနေကြသည့်အတွက် မိသားစုသဖွယ်နွေးထွေးမှုမျိုးရရှိခံစားရသည်ဟု ရဲဘော်တစ်ဦးကပြောသည်။