စစ်ကိုင်းတိုင်း ဒေသကြီး ၊မုံရွာမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သည်ဟု ပြောက်ကျားတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မုံရွာမြို့ ဇောတိကကျောင်းနှင့် ရန်ကင်းကျောင်းလမ်းကြားတွင် ယမန်နေ့ နေ့လည် ၁၁နာရီခွဲအချိန်ခန့်က မြို့ပြပြောက်ကျားအဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Momywa UG တပ်ပေါင်းစု ခေါင်းဆောင် ဗိုလ်ဒဿက သံလွင်ခက်ကိုပြောသည်။
၎င်းက “ စစ်ခေါင်းဆောင်က မုံရွာတပ်နယ် အရာရှိနဲ့ မိသားစုတွေကို တွေ့ဆုံအမှာစကားပြောဖို့လာတာကိုလုံခြုံရေးယူပေးဖို့ လိုက်လာကြတဲ့ယာဉ်တန်းကို မိုင်းဆွဲခဲ့တာပါ” ဟုပြောသည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းမှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းမှ အိမ်စီးကားအနက်ရောင်တစ်စီးနှင့် အခြားယာဉ်များကို တိုက်ခဲ့ခြင်းဖြစ်သည် ဟု ဗိုလ်ဒဿက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်အပြီးတွင် မုံရွာမြို့အတွင်းရှိ ကျောက်က္ကာလမ်းတစ်လျှောက်ကို စစ်ကောင်စီ ကင်းပုန်းနှင့်လုံခြုံရေးအပြည့်ချထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိခဲ့သည့် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဂိတ်ကိုလည်း မတ်လ ၁၉ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခဲ့သည်။
ပုံစာ–တပ်တွင်းစည်းလုံးရေးစည်းရုံးနေသည့် စစ်ကောင်စီခေါင်းဆောင်။
Photo-YT