ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖေဖော်ဝါရီ လ (၁) လအတွင်းတိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၄၁၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ (၃၈၆) ဦး သေဆုံးကာ (၂၆၇) ဦး ဒဏ်ရာရခဲ့ပြီး (K.N.L.A)၊(K.N.D.O) တပ်ဖွဲ့များဘက်မှ (၂) ဦးကျဆုံးကာ (၂၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင်) ၊ဖာပွန်ခရိုင် ( မူတြော်ခရိုင် )နှင့် ဒူးပလာယာခရိုင်များတွင် စစ်ကောင်စီတပ်များသည် လေယာဉ်များအသုံးပြုကာပြည်သူလူထုများ နေထိုင်သည့် ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ (၂၁) ကြိမ် ခန့် ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် KNU နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များမှ ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီးများဖြင့်(၇၆) ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပစ်ခတ်ခံခဲ့ရသည့်အတွက် နေအိမ် (၄၄) လုံး၊ Junior collage (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ခရစ္စယာန်ဘုရားကျောင်း (၂) ကျောင်း၊ ဆေးပေးခန်း (၂) လုံးနှင့် ပြည်သူပိုင်အဆောက်အဦး (၂၅) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ပြည်သူလူထုများ သွားလာသောလမ်းတွင် မိုင်းထောင်ခြင်း နှင့် ပြည်သူလူထုများအားအကြောင်းမဲ့ ပစ်ခတ် ခြင်းတို့ကြောင့် ပြည်သူ (၁၁) ဦး အသက်သေဆုံးခဲ့ရပြီး ဦးဇင်း (၃) ပါး ကိုရင် (၂) ပါး အပါအဝင် ပြည်သူ စုစုပေါင်း (၄၁) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ရှေ့တန်းတစ်နေရာတွင် တွေ့မြင်ရသည့် KNLA တပ်ဖွဲ့ဝင်များ။