စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမီးရှို့မှုကြောင့်ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၅၀ ခန့်မီးလောင်ပျက်စီးခဲ့သည် ဟု ဒေသခံများထံက သိရသည်။
၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ယနေ့အထိ ဆယ်ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့်ယင်းမာပင်ဒေသခံ ခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက အရိုင်းစိတ်ဝင်ပြီး ဘယ်သူ့ကိုတွေ့တွေ့ ရန်လိုနေတာ၊ဒေသခံလည်းမရှောင်ဘူး၊အသက်အရွယ်ကြီးသူလည်းမထားဘူး” ဟု ၎င်းက ပြောသည်။
နေအိမ်အဆောက်အဦး ၁၅၀ ခန့် မီးရှို့ခံခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ထားသည့်အိမ်ထောင်ပ ရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများနှင့် နေအိမ်အချို့ပြန်ပြင်ထားသည် ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ကျွန်တော်တို့ အညာမှာ မီးလောင်ပြီးသားအရာကို ပြန်မသုံးတဲ့ အယူရှိတယ်။ ဒီလိုမျိုး အခက်အခဲကြားထဲရောက်နေတဲ့အခါကျတော့ မီးလောင်ပြီးတဲ့ အရာတွေနဲ့ပဲ အိမ်တွေကိုပြန်ပြင်ပြီး နေနေရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံများ နေထိုင်ရေးနှင့်စားဝတ်နေရေးအခက်အခဲရှိနေသည် ဟု ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တော်တော်ဒုက္ခရောက်ကြတယ်။ သက်ကြီးရွယ်အိုတွေကို မရမက ကယ်ထုတ်ရတာတွေရှိတယ်။ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေလိုအပ်တယ်” ဟု ၎င်းက ပြောသည်။
ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် မတ်လ ၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် ကျွန်းတောပြင်(ခေါ်)နဘူးတောကျေးရွာတောပြင်တွင် ထန်းတက်သမားနှစ်ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
ပုံစာ– ယင်းမာပင်မြို့နယ် ကုန်းရွာ မီးရှို့ခံထားရသည့် မြင်ကွင်း။
Photo – ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်စာမျက်နှာ။