အမှုလိုက် ရှေ့နေများအနေဖြင့် တရားခွင်အတွင်းမှာသည်ပင်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများထံက သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများကို တရားဥပဒေအရ အကာကွယ်ပေးရန် ဆောင်ရွက်ပေးနေရသည့်ရှေ့နေများ ကိုယ်တိုင် တရားခွင်အတွင်း ခြိမ်းခြောက်ခံနေရခြင်းဖြစ်ဟု မန္တလေးမြို့တွင် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။
၎င်းက ” တရားခွင်မှာတောင် ရှေ့နေတွေက လွတ်လပ်တဲ့ မေးခွန်းကို မေးခွင့်မရှိပါဘူး။ မေးခွန်းတွေ မေးတဲ့အခါမှာလည်း ဟိုလိုမမေးနဲ့ ဒီလိုမမေးနဲ့ ဟိုမေးခွန်း ခွင့်မပြုဘူး။ ဒီမေးခွန်းမေးရင် ဘာဖြစ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေက တရားခွင်ထဲ တရားသူကြီးရှေ့မှာတောင် ဖြစ်နေတာဖြစ်တဲ့အတွက် မတရားဖမ်းဆီးခံနေရသူတွေကိုတရားဥပဒေအရ ကာကွယ်ပေးဖို့အတွက် အခက်ခဲတွေ ကြုံနေရပါတယ် “ဟုဆိုသည်။
တရားခွင်အတွင်း ရှေ့နေများ ခြိမ်းခြောက်ခံနေရသည့် အခြေအနေများသည် တစ်နေရာနှင့် တစ်နေရာ အခြေအနေမတူညီနိုင်ဘဲ ကွဲပြားနိုင်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။
တရားရုံး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အဟန့်အတားမရှိသော်လည်း လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု ရန်ကုန်တိုင်းအတွင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” တရားခွင်ဟာ လွတ်လွတ်လပ်လပ်ရှိရမယ်ဆိုတဲ့အချက်မှာတော့ စရဖ(စစ်ဘက်ရေးရာထောက်လှမ်းရေး) တို့ သတင်းတပ်ဖွဲ့တို့ ရဲတပ်ဖွဲ့တို့ လုံခြံရေးအရ အကျဉ်းထောင်ဝန်ထမ်းတွေ စောင့်ကြပ်နေတဲ့ရှေ့မှာ စစ်ဆေးရတာဖြစ်တဲ့အတွက် လွတ်လပ်မှုမရှိဘူး။ နောက်တစ်ချက်က တရားစီရင်မှုကို အများပြည်သူကလေ့လာခွင့်ရရမယ်။ အများပြည်သူ ရှေ့မှောက်မှာ ပွင်းလင်းမြင်သာစွာ စစ်ဆေးစီရင်ရမယ်ဆိုတဲ့ အရာလည်းအားနည်းတယ်။ ” ဟု ဆိုသည်။
တရားစီရင်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းနှင့် ဥပဒေအရ တားမြစ်ထားချက်မှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်းစသည့် အချက်များအပါအဝင် အခြေခံမူ ( ၇ ) ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြမည်ဟု ၂၀၀၀ ပြည့်နှစ်၊ တရားစီရင်ရေး ဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းပြီးနောက် တရားခွင်အတွင်း လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် အမှုလိုက်ရှေ့နေများကို ခြိမ်းခြောက်ခံနေရသည့်အပြင် နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများကိုလည်း စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့ထိ ရှေ့နေ စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံထားရပြီး ယင်းထဲမှ ၅ ဦးသည် ပြစ်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ − အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ရှေ့နေများ
Photo – CJ