စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များကို ခုခံကာကွယ်ရန် ရည်ရွယ်ထားသည့် မီတာ၆၀၀ပစ်လက်နက်ကြီးများကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။
ဘီးတပ်လောင်ချာဖြစ်သည့်အတွက် အလွယ်တကူရွှေ့ပြောင်းတိုက်ခိုက်နိုင်ပြီး အင်အားရာချီ ချီတက်လာမည့် စစ်ကောင်စီစစ်ကြောင်းများကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသွားမည်ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။
“အထိုင်ချထားတဲ့ဟာတွေနဲ့စာရင်တော့ ရွှေ့ရပြုရလွယ်တော့ နေရာမရွေးပစ်နိုင်တာပေါ့ အစပိုင်းမှာတော့ကျွန်တော်တို့ဌာနချုပ်ကိုထိုးစစ်ဆင်လာရင် ခုခံဖို့အတွက်ပါပဲ“ဟု ၎င်းကဆိုသည်။
အဆိုပါလက်နက်ကြီးများ ထုတ်လုပ်နိုင်ရေးအတွက် သုံးပတ်ခန့်ကြိုးစားခဲ့ရပြီး နှစ်ကြိမ်မအောင်မြင်ခဲ့ဘဲ ယခုတတိယအကြိမ်မှသာ အောင်မြင်နိုင်ခဲ့သည်ဟု သိရသည်။
အလွယ်တကူရွှေ့ပြောင်းနိုင်ရန် ဘီးတပ်ထားပြီး ပြောင်းသုံးခုပါသည့် အဝေးပစ်လောင်ချာ အမျိုးအစားဖြစ်ပြီးပြောင်းများပြုလုပ်ရာတွင် Mytel တာဝါတိုင်များမှ ဖြုတ်ယူအသုံးပြုခဲ့သည်ဟု ဗိုလ်မိုက်ခဲကပြောသည်။
“ပြောင်းသုံးခုဆိုတော့ အတွဲလိုက်သုံးချက်ပစ်လို့လည်းရတယ် တချက်ချင်းစီလည်းရတယ်“ဟု ဆိုသည်။
အဆိုပါလက်နက်ကြီးတစ်ခု၏ ကုန်ကျစရိတ်သည် ကျပ်၇သိန်းခန့်ကျသင့်ပြီး လက်နက်ကြီးကျည်တစ်တောင့်ပြုလုပ်ရာတွင် ယမ်း၊ခဲလုံးအပါအဝင် ကျပ်သုံးသောင်းခန့်ကုန်ကျသည်ဟု သိရသည်။
Myingyan Black Tiger(MBT)အဖွဲ့သည် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မုံရွာနှင့် ရေစကြိုမြို့နယ်များတွင်လည်း စစ်ရေးလှုပ်ရှားမှုများး လုပ်ဆောင်လျက်ရှိပြီး စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ခဲယမ်းများလိုအပ်နေသည်ဟု သိရသည်။