ယင်းမာပင်မြို့နယ်အတွင်းရှိ နဘူးတောရွာသို့ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းတက်သမားနှစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
ယမန်နေ့က ဘန်ဘွေးပျူစောထီးရွာတွင် တစ်နှစ်ကျော်ခန့် အထိုင်ချတပ်စွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက အရှေ့ဘက်ရှိ နဘူးတောရွာတောပြင်ကို ဝင်ရောက်လာရာတွင် သေနတ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းတက်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရသည်ဟု ရွာခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ညနေသုံးနာရီလောက်မှာ သေနတ်သံကြားတော့ ထန်းပင်ပေါ်ကနေ ကြောက်လန့်ပြုတ်ကျတာ အသက် ၅၀ ကျော်လောက်ရှိတဲ့သူပါ“ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကြောင်းသည် နဘူးတောရွာရှိ ဆိုင်ကယ်များ၊ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ရန်လာခြင်းဖြစ်ပြီးတစ်ပတ်လျှင် သုံးလေးရက်ခန့် မွှေနှောက်ခံနေကြဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ရွာအတွင်းမွှေနှောက်နေရာတွင် အသက်၃၄ နှစ်အရွယ် ထန်းသမားတစ်ဦးကိုလည်း အကြောင်းမဲ့ပစ်သတ်သွားသည်ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးကပြောသည်။
“အဲသူက ဘာအဖွဲ့နဲ့မှလည်း ပတ်သတ်မှုမရှိဘူး ထန်းတောထဲမှာ လုပ်နေတာကို ပစ်သတ်သွားတာ ဖုန်းနဲ့ဆိုင်ကယ်ကိုလည်းယူသွားတယ်“ဟု ဆိုသည်။
သေဆုံးသူထန်းသမားသည် ထန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး အရွယ်မရောက်သေးသည့် ကလေးသုံးဦးနှင့် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ယင်းမာပင်ရှိ နဘူးတောရွာအနီးတဝိုက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ၏ပစ္စည်းများကို ဘန်ဘွေးပျူရွာသို့ အတင်းသယ်ယူနေကြသည်ဟုShadow အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အစောကပြောသည်။
နဘူးတောရွာသည် ထန်းတက်လုပ်ငန်း၊ တောင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရသည့် ကျေးရွာတစ်ခုဖြစ်သည်။