အာဏာသိမ်းစစ်ကောင်စီတပ်၏ (ခလရ–၂၄) တပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက် သော လက်နက်ကြီးထိမှန်ပြီး အရပ်သား (၂)ဦး ထိခိုက်ကာ ကလေးငယ် (၂)ဦးနှင့် နွားတစ် ကောင် သေဆုံးခဲ့သည်ဟု ယနေ့တွင်ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၈ရက်၊ နံနက် (၇း၄၀)မိနစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ (ခလရ–၂၄) တပ်ရင်းမှရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက် သော လက်နက်ကြီး (၂) လုံးသည် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမှိန်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျုံမိန်ရွာနေ အသက် (၉)နှစ်အရွယ်ရှိ စောနောင်ဒါးမု(ညာလက်ဖျံ)နှင့် အသက် (၄၆)နှစ်အရွယ်ရှိ နော်ကနူးဖိုး(ဦးခေါင်း ညာဘက်) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် အသက် (၇)နှစ်အရွယ်ရှိ နော်ဝင်းဝင်းရီနှင့် အသက် (၁၄)နှစ်အရွယ်ရှိ စောထိပ်ပြောင် တို့အသက်သေဆုံးခဲ့ရပြီး နော်ကနူဖိုး ပိုင်သည့် နွားတစ်ကောင် လည်းသေဆုံးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီတပ် (ခလရ–၂၄) တပ်ရင်းသည် သထုံ–ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ယခုတွင် ကျုံမိန်ရွာနေအရပ်(သူ/သား)များ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ–သထုံမြို့နယ် သတင်းတာဝန်ခံထံမှ သိရှိရသည်။