ကရင်နီပြည်( ကယားပြည်နယ်)ရှိ စစ်ကောင်စီတပ် လက်နက်ကြီးစခန်းကုန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့မှတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စခန်းကုန်းရှိ လက်နက်ကြီးများကို သယ်ယူရန် ဆွဲချနေချိန် လေကြောင်းမှအပါအဝင် စစ်ကောင်စီပစ်ကူတပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ကရင်နီတပ်တော် KA ရဲဘော် ၈ ဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ရှိသူခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။
မြန်မာ–ထိုင်းနယ်စပ်ရှိ ဘီပီ–၁၂၊ ကောက်ကောက်စခန်း အနီးရှိစစ်ကောင်စီတပ် ခလရ(၁၃၅)၊ ခလရ(၅၄)နှင့်အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA) တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့က ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၇ရက်တွင်နံနက်၆နာရီခွဲတွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်။
” လက်နက်ကြီးကုန်း သိမ်းတဲ့အခါမှာ လက်နက်ကြီးတွေဘာတွေ ဆွဲချတဲ့ချိန် တခြားကုန်းတစ်ကုန်းကလက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ နောက်တော့ လေယာဥ်ကလည်းလာတယ်လေ။ ဆိုတော့ လေယာဥ်နဲ့လာပစ်တာလည်းပါတာပေါ့ “ဟု ကရင်နီတပ်ပေါင်းစု ရဲဘော်များ ကျဆုံးခဲ့ရသည့်ဖြစ်စဥ်အား ခူးညေးရယ်က ပြောသည်။
စစ်ကောင်စီတပ်လက်နက်ကြီး စခန်းကိုစီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံး၍ ၎င်းစခန်းမှ ၁၂၀မမ(၁)လက်၊ ၉မမ(၁)လက်၊ အာပီဂျီ–၇(၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ အမ်အေ–၂(၃)လက်၊ အမ်အေ–၄(၁)လက် အမျိုးအစားမသိရသေးသည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စခန်းကုန်းတွင် ၁၂၀မမ လက်နက်ကြီး (၂)လက်ရှိသော်လည်း အရမ်းလေးလံသည့် ထို ၁၂၀လက်နက်ကြီးများအား သယ်ယူနေ ရဲဘော်များတိုက်ခိုက်ခံရမှု အခြေအနေများကြောင့် ၁လက်သာ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တပ်စခန်း၏အပြင်ဖက်တွင် ၁လက်ချန်လပ် ထားခဲ့ရသည်ဟု သိရသည်။
လက်နက်ကြီးများသယ်ယူရန်ကြိုးစားနေစဥ် ကျဆုံးသွားခဲ့သော KA အမှတ်(၅)တပ်ရင်းမှ ရဲဘော်များအား မတ်လ၆ရက်တွင် အာဇာနည် ဗိမ္ဗာန်၌ ဈာပနဂုဏ်အပြုအခမ်းအနား ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-Karenni Army BA-5