ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၄၅ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရခဲ့သည်ဟု ယနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်၃၄ လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။
ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌စစ်ကောင်စီတပ်သည် ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့်တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပင်လောင်မြို့နယ် ဆောင်းပြောင်းကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဂိတ်စခန်းအားစွန့်ခွာထွက်ပြေးခဲ့သည်။
ထို့အပြင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ တောင်မဲတင်းနှင့် ပင်ပုံကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အား(၁၀၀) ကျော် ဖြင့် စစ်ကြောင်းထိုးသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လဆန်းအထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် PNO/PNA ပူးပေါင်းတပ်များအထိနာသဖြင့် လက်နက်ကြီး ပစ်ကူနှင့်လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်။
လွိုင်ကော်မြို့နယ်၊ လွိုင်ကော်–မိုးဗြဲ လမ်းမတစ်လျှောက်ရှိ စစ်ကောင်စီတပ်၏ လင်ဖုံလေးလမ်းခွဲနှင့် ကယန်းသာယာလမ်းခွဲရှိ စစ်ဆေးရေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့အတူလက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကို တိုက်ခိုက်နေသော လွိုင်ကော်မြို့ နှင့် လွိုင်လင်လေးမြို့အခြေစိုက် တပ်ရင်းများကို KNDF မှတန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရှားတောမြို့နယ်တွင်လည်း၊ ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းများကိုဖြတ်တောက် တိုက်ခိုက်ခြင်း၊ ရှေ့တန်းကုန်းစခန်းများအား တိုက်ခိုက်ခြင်း၊ လှုပ်ရှားစစ်ကြောင်းများကိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။
ဖရူဆိုမြို့နယ်တွင်လည်း အမှတ် (၁၄) စစ်လေ့ကျင့်ရေးကြောင်းမှ လှုပ်ရှားထွက်လာသော စစ်ကြောင်းများအားတိုက်ခိုက်ခိုက်ခြင်းနှင့်၊ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းများအားချောင်းမြောင်း ပစ်ခတ်ခြင်းများကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလအတွင်း၌ ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဖက်–အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းဖြင့် စုစုပေါင်း (၆)ကြိမ်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား(၈) ဦး သေဆုံးခဲ့ရပြီး (၁၂ ) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ( ၉) လုံး၊ ဆေးပေးခန်း (၁)ခန်း၊ ဘာသာရေးအဆောက်အဦး( ၄) လုံးပျက်စီးခဲ့ရသည်။
ဖေဖော်ဝါရီလအတွင်း၌စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ( ၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များအား KNDF မှ အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင်အပ်သည်ဟုKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်သည်။
ပုံစာ–ပြီးခဲ့သောဖေဖော်ဝါရီလ လကုန်ပိုင်းတွင်စစ်ကောင်စီ လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီပူးပေါင်းများတိုက်ခိုက်သိမ်းပိုက်ခဲ့မှု။