စစ်ကောင်စီတပ်၏ ရိက္ခာပို့ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် KA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဥ်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု သိရသည်။
ထိုင်း–ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်–၁၄၄၁)သို့ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက ယမန်နေ့ဖေဖော်ဝါရီ၂၄ရက်၊မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခဲ့သည်။
KA တပ်ဖွဲ့ဝင်များ၏ မြေပြင်မှပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ် ရိက္ခာပို့ရဟတ်ယာဥ်သည် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ကရင်နီတပ်မတော် သတင်းပြန်ကြားရေးက ဖော်ပြထားသည်။
ရိက္ခာပို့ဆောင်သည့် ရဟတ်ယာဉ်ဆင်းသက်ခြင်းမပြုနိုင်ဘဲ ပြန်လှည့်ခဲ့ရသည့်အတွက် ညနေ ၄နာရီ၂၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စစ်တပ်က စစ်ဂျက်ဖိုက်တာလေယာဉ်၂စီးဖြင့် ဟွေခမောက် ဝန်းကျင် တစ်ဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ညနေ၄ နာရီ၃၀ မိနစ်ခန့်တွင်လည်း စစ်ဂျက်ဖိုက်တာလေယာဉ်၂စီးဖြင့် ဒုတိအကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်ဖက်မှတစ်စုံံတစ်ရာထိခိုက်မှုမရှိကြောင်း ကရင်နီ တပ်မတော် အရာရှိကြီး တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ၁၉ ရက်တွင်လည်း ရိက္ခာပို့ရန်လာသော ဖားဆောင်းအခြေစိုက် ခလရ(၁၃၅) စစ်ကြောင်းအား ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်တို့က ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ဖြတ်တောက်တိုက်ခိုက်ခံရသဖြင့်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရိက္ခာနှင့် အခြားပစ္စည်းများပို့ဆောင်ရန်စီစဉ်နေစဉ် KA တပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။