စစ်ကောင်စီတပ်နှင့် KNLAဒေသခံကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ ပလောတပို့စစ်ဘေးရှောင်စခန်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ မြဝတီမြို့တောင်ပိုင်း ဖလူးလေးဖားနှစ်ကောင် စစ်ကောင်စီဂိတ်စခန်းမှ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီတွင်မြဝတီ–ဝေါလေလမ်းမအတိုင်းတက်လာခဲ့သည်။
ထို့နောက် နေ့လည် ၂ နာရီကျော်အချိန်တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်စစ်ကြောင်းတို့သည် ပလောတပို့စစ်ရှောင်းစခန်းအနီး၌ မိနစ်၂၀ ကျော်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။
၎င်း က” ပစ်တဲ့နေရာကလည်းလမ်းမကြီးမှာပဲ။ စခန်းကလည်းလမ်းမကြီးဘေးမှာပဲဆိုတော့ ကျည်ဆံက စခန်းထဲဝင်လာတယ်။ အဲ့မှာစခန်းကယောကျ်ားလေးတစ်ယောက်ဦးခေါင်းရဲ့ဘယ်ဘက်ခြမ်းမှာကျည်ရှပ်ထိသွားတယ် ” ဟု ပြောသည်။
လက်ရှိတွင် ဦးခေါင်းကျည်ထိမှန်ခံထားရသူအား ဆေးကုသမှုပြုလုပ်ပေးနေပြီး စိုးရိမ်စရာအခြေအနေမရှိဟု သိရသည်။ တိုက်ပွဲတွင်းမှ လက်နက်ငယ်ကျည်သည် စစ်ရှောင်စခန်းအထိရောက်ရှိလာသောကြောင့် စစ်ရှောင်များမှာစိုးရိမ်ထိတ်လန့်နေကြပြီး သောင်ရင်းမြစ်ကမ်းဘေးတွင် ရှောင်တိမ်းနေကြရသည်ဟု သိရသည်။
အဆိုပါပလောတပို့စစ်ရှောင်စခန်းတွင် စစ်ရှောင် ၇၀၀ ဦးကျော်ခိုလုံနေကြပြီး စစ်ရှောင်အများစုသည် လေးကေ့ကော်ဒေသခံများဖြစ်ကြသည်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင်စတင်ခဲ့သော လေးကေ့ကော်မြို့သစ်တိုက်ပွဲမှယခုချိန်ထိ လေးကေ့ကော်ဒေသခံများမှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
ပုံစာ– တိုက်ပွဲကြောင့် စစ်ရှောင်များ သောင်ရင်းမြစ်ကမ်းဘေး၌ ရှောင်တိမ်းနေကြပုံ။