ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှဗိုလ်မှူး၁ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လည် ၂နာရီ ၁၀မိနစ်တွင် စစ်ကောင်စီ၏ ၅၈၅ တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်၃ စီးသည် ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူး ဝေါ်လေလမ်းမမှ ဖြတ်သန်းရာ ကော်ဘရာစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါထိတွေ့တိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှဗိုလ်မှူး၁ဦးနှင့် အခြားအဆင့်၁ဦးး သေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် စစ်ဘေးရှောင်စခန်းတွင်နေထိုင်ခိုလှုံနေသော ပြည်သူ၁ဦး၏ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါတိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းမှရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာအခြေအနေမရှိဟု သိရသည်။