ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ ကော်သူးလေတပ်မတော် (KTLA) ဌာနချုပ်ကို စစ်ကောင်စီတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဟု ဆင်ဖြူစစ်ကြောင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံးက သံလွင်ခက်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)တွင် ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) တပ်ရင်း ( ၁၀၃ ) စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၄ နာရီကျော်တွင် ဝင်ရောက်တိုက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆင်ဖြူစစ်ကြောင်း၏ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး စောစလုံးက ပြောသည်။
၎င်းက ” ၁၀၃ စခန်းက အင်အားနည်းတယ် သုံးလေးငါးယောက်ပဲရှိတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာတော့ထိပ်တိုက် မတွေ့ဘဲ ပြန်ဆုတ်လိုက်တော့ သူတို့ ( စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အဲဒီ KNU စခန်းကို မီးရှို့ခဲ့တယ်။ကျွန်တော်တို့ ဌာနချူပ်ကို မရောက်ဖူး ” ဟုဆိုသည်။
အဆိုပါဖြစ်စဉ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲဘော်များ ထိခိုက်မှုမရှိဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စခန်းကိုဝင်ရောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်း၏ ဘေးပတ်ဝန်းကျင်ရှိ ရွာများသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ကော်သူးလေတပ်မတော် KTLA သည် ရာထူးမှရပ်ဆိုင်းခံလိုက်ရသည့် KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းက ဌာနချုပ် အသိမ်းခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ယခုသတင်းများမထွက်ပေါ်မှီ ဝေါလေနှင့် ထီးကပလယ် လမ်းမကြီးအား အရပ်သား၊ အဖွဲ့အစည်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်းကို ကော်သူးလေတပ်မတော် (KTLA)က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်၏ ထီးကပလယ်စခန်းကို ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့က ထိုးစစ်ဆင်ခဲ့သည်။
ယင်းဖြစ်စဉ်များအပြီး ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ စစ်ကောင်စီ လေတပ်သည် KNU နယ်မြေထဲရှိ ကျေးရွာများကို ဗုံးကြဲခဲ့သလို ဝေါလေဗျူဟာကုန်းပေါ်မှ လက်နက်ကြီး ပစ်မှုများရှိခဲ့သည်။
လတ်တလော အဆိုပါနယ်မြေများတွင် စစ်ရေးတင်းမာနေပြီး လေကြောင်းအပါအဝင် လက်နက်ကြီးပစ်မှုကြောင့်ဘလဲ့ဒို ၊ မော်ခီ ၊ ဥကရစ်ခီး ၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုး၊ ထီးသဲလယ် စသည့်ကျေးရွာများအပါအဝင် ကျေးရွာ၁၀ ရွာ ကျော်မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရသည်။
ပုံစာ – ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့ဝင်များ
Photo – ကော်သူးလေတပ်မတော် (KTLA)