အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် ယခင်ကနာရီနှင့် ချီသွားလာရသည့် အခြေအနေမှ တံတားပြန်ဖွင့်ပေးလိုက်သဖြင့် မိနစ်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောင်မှုများကို ပြုလုပ်လာနိုင်သည်ဟု တာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်တို့ကိုဆက်သွယ်ထားသည့် တာချီလိတ်–မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့် မယ်ဆိုင်ဘက်မှတာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
” စီးပွားရေး၊ လူမှုရေး၊အဓိကကတော့ ကျန်းမာရေးအတွက်တော့ ပိုကောင်းတာပေါ့။ပုံမှန်ဆိုရင် လူနာတွေကိုကျိုင်းတုံ ကုတင်သုံးရာကိုလွှဲတာလေ။အဲ့လိုလွှဲရတော့ လမ်းမှာသုံးလေးနာရီလောက်ကြာတော့ လူနာတွေတွက်အခက်ခဲရှိတယ်။အခုလို တံတားဖွင့်လိုက်တော့ အဝေးကြီးသွားစရာမလိုတော့ဘူး။ မိနစ်၂၀လောက်ဆိုရောက်တော့ လူနာတွေတွက်ပိုအဆင်ပြေတာပေါ့ “ဟု တာချီလိတ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
တာချီလိတ်–မယ်ဆိုင်တံတားအမှတ်(၁)အားဖေဖော်ဝါ ရီလ ၂၀ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနေ့စဥ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဖြတ်သန်းခွင့်ပြုထားသည်။
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များကိုလည်း ပြုလုပ်ပေးလျက်ရှိပြီး ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်မိတ္တူပြသ၍ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်သည်။
” တံတားပြန်ဖွင်လိုက်ပြီဆိုတော့ ဒီက ဒေသခံတွေတွက်တော့ ကုန်ကျစရိတ်တွေသက်သာသွားတာပေါ့။ကုန်စည်ပစ္စည်းတွေလဲ ဈေးလျော့လာနိုင်တယ်။ အဓိကကတော့ ကျန်းမာရေးကိစ္စဆိုရင် ဒီဘက်ကမ်းမှာက ဘာမှမဟုတ်ပဲပိုက်ဆံတွေအများကြီးပေးရတယ်။ဟိုဘက်ကမ်းသွားကုရင် ပိုက်ဆံနည်းနည်းနဲ့ထိထိရောက်ရောက် ကုသနိုင်တယ်။ အခုလို တံတားဖွင့်လိုက်တော့ အကုန်လုံးအတွက်လဲ အဆင်ပြေတာပေါ့။” ဟု တာချီလိတ်ဒေသခံတစ်ဦးကပြောသည်။
ကိုဗစ်–၁၉ ရောဂါကြောင့် တာချီလိတ်–မယ်ဆိုင်တံတားအား ပိတ်ထားခဲ့သည်မှာ ၃နှစ်ခန့် ကြာခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ရန် တာချီလိတ်မြို့မှ တာဝန်ရှိသူများနှင့် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများအကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းကြရာ ယခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် တာချီလိတ်–မယ်ဆိုင်တံတားအား ပြန်လည်ဖွင့်လှစ်ရန် နောက်ဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ယမန်နေ့တွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
” ဒီဘက်ခြမ်းမှာကျတော့ အစိုးရဆေးရုံတွေမှာ ဆရာဝန်၊ဆရာမ အင်အားနည်းတော့ အရေးပေါ်လူနာတွေဆို မနိုင်တော့ ကျိုင်းတုံဘက်ခြမ်းကိုလွှဲရတယ်။အပြင်ဆေးရုံတက်ရင် ပိုက်ဆံအများကြီးကုန်တာပေါ့။မတတ်နိုင်တဲ့သူတွေအတွက်ကျအဆင်မပြေဘူးလေ။အခုလို တံတားဖွင့်လိုက်တော့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေတွက်လဲ ပိုအဆင်ပြေသွားတာပေါ့ “ဟု တာချီလိတ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ တာချီလိတ်–မယ်ဆိုင်တံတားသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့အကြား ဆက်သွယ်ထားသော နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။
ထိုနယ်စပ်ဖြတ်ကျော်တံတားသည် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအတွက်အရေးပါသည့်အပြင် တာချီလိတ်ဒေသခံများအတွက် လူမှုရေး၊ စီးပွား၊ ကျန်းမာရေးတို့အတွက် အမှီသဟဲပြုရာ အချက်အချာဖြစ်လည်း ဖြစ်သည်။
ဓာတ်ပုံ-U Utun Maesai