စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနစ်ဦး ကျဆုံးခဲ့သည်။
ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်မှ ထွက်လာသော အင်အား ၁၀၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကို ပုလဲမြို့နယ်အစပ်တွင် ကာကွယ်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်ရန်စီစဥ်ခဲ့သည်။
အဆိုပါစစ်ကြောင်းသည် ပုလဲမြို့နယ် ကျားတက်ရွာဘက်သို့ ဦးတည်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များကရွာကို ဝင်နိုင်သည့် လမ်းကြောင်းတွင် မိုင်းများ ထောင်၍ စောင့်ဆိုင်းနေခဲ့ကြသည်။
စစ်ကောင်စီစစ်ကြောင်းက မိုင်းထောင်ထားသည့် လမ်းကြောင်းမှ မဟုတ်ဘဲ အခြားလမ်းကြောင်းတစ်ခုမှ ကျားတက်ရွာကို အဝင်ပြ၍ ကာကွယ်ရေးတပ်များကို ကင်းပုန်းဝပ် စောင့်နေခဲ့ကြသည်။
ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စစ်ကြောင်း ကျားတက်ရွာထဲသို့ ဝင်သွားပြီ ထင်မှတ်၍ အဝင်လမ်းကြောင်းအတွက် ထောင်ထားခဲ့သော မိုင်းများကို ပြန်ထွက်မည့် လမ်းကြောင်းများတွင် ထပ်ထောင်ရန် နေရာပြောင်းရွှေ့ခဲ့သည်။
“သူတို့က ကျားတက်ရွာကို အဝင်ပြတယ်။ တော်လှန်ရေးအင်အားစုတွေ အားလုံးက သူတို့ ကျားတက်ရွာထဲ ဝင်သွားပြီလို့ထင်ကြတယ်။ အဲဒါကြောင့် ကျားတက်က ပြန်ထွက်လာရင် ဘယ်လမ်းတွေ ဖြစ်နိုင်တယ်ဆိုတာ တွက်ဆပြီးတော့ မိုင်းတွေကို နေရာရွှေ့ပြင်ဖို့အတွက် ကျားတက်ရဲ့အနောက်မြောက် ယာပြင်လမ်းကနေတစ်ဆင့် မိုင်းတွေ၊ဘာတွေ ပြင်ဖို့ ပြန်ထွက်အလာမှာ ဟိုဘက်က ကင်းပုန်းဝပ်ထားတဲ့ စစ်ကြောင်းက စီးပစ်တာ ခံလိုက်ရတာပဲ” ဟုစစ်ကောင်စီတပ်၏ လှည့်ကွက်အတွင်း ရောက်ရှိသွားခဲ့ရသည့် ဖြစ်စဥ်အား ကာကွယ်ရေးတပ်များကို ထောက်ပို့ပေးနေသူ ကိုနေသူရိန်က ပြောသည်။
ကင်းပုန်းဝပ်၍ စောင့်နေသော စစ်ကောင်စီတပ်သည် စစ်ဝတ်စုံများကို မဝတ်ဘဲ PDF ဝတ်စုံများကို ဝတ်ဆင်ထားရာ ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်တပ် ဆင်သည့်ထောင်ချောက်ထဲ ကျရောက်ခဲ့ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“သူတို့က PDF ဝတ်စုံတွေ၊ ဝတ်စုံအနက်တွေ ဝတ်ထားတာ။ စစ်ဝတ်စုံ မဝတ်ဘူး။ တချို့ ကင်းယူတဲ့ သူတွေကPDF ထင်ယောင်ထင်မှားဖြစ်အောင် နေရာယူပြထားတာ။ အရှေ့ကသွားတဲ့ အဖွဲ့တွေ့က PDF တွေလို့ပဲ ထင်တယ်။သူတို့က (စစ်ကောင်စီတပ်) အရှေ့က ကင်းယူ ပြထားတာက နည်းနည်း အနောက်မှာ ဝပ်ပြီး စောင့်နေကြတာကအများကြီး။ ဒီဘက်က ကားတွေနဲ့ တစ်စီးချင်း ဖြတ်သွားတဲ့ အရှေ့ နှစ်ကြိမ်မှာ သူတို့က
မပစ်ဘူး။ နောက်က ကားသုံးစီးနဲ့ ဆိုင်ကယ်တစ်စီးလာတော့မှ အပိုင်ကျမှ ပစ်တာ” ဟု ကိုနေသူရိန်က ပြောသည်။
ကင်းပုန်းဟုဆိုသော်လည်း စစ်ကောင်စီတပ်စစ်ကြောင်း တစ်ခုလုံးက သေချာ နေရာယူ၍ စောင့်စားနေခဲ့ခြင်းဖြစ်သည်။ အင်အား ၃၀ ဦးကျော် ရှိသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်တပ်စစ်ကြောင်းက လက်နက်အင်အား၊ လူအင်အား အလုံးအရင်းဖြင့် တောက်လျှောက် တိုက်ခိုက်ခဲ့သည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ လက်နက်ချင်း မမျှ၍ ယှဥ်ပစ်နိုင်သည့် အခြေအနေ မရှိသောကြောင့်ဝရုန်းသုန်းကားဖြင့်ထွက်ပြေးကြရသည်။
သို့သော် စစ်ကောင်စီတပ်က အပိုင်အနေအထားတစ်ရပ်အား စောင့်ဆိုင်းပြီး တပြိုင်တည်း ဆက်တိုက် ပစ်ခတ်ခြင်းဖြစ်သောကြောင့် ကားတစ်စီးမှ မောင်းသူ ထိမှန်ပြီး ထိုကားပေါ်တွင်ပင် ရဲဘော် ငါးဦးကို နှိပ်စက်သတ်ဖြတ်၍မီးတင်ရှို့ခဲ့သည်။ ထိုကားနှင့် ခပ်လှမ်းလှမ်းနေရာတွင် ကျန်ရဲဘော်နှစ်ဦးကို လည်ပင်း ဓားဖြင့် လှီး၍ သတ်ခဲ့သည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာ PDF အဖွဲ့များ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာအနီး ရောက်ရှိအခြေပြုနေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရလုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့၍ အရပ်ဝတ်ကျားအလောင်း ခုနစ်လောင်း၊ အမ်–၂၂သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်စိန်ပြောင်း ၁၅ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၆၇ လုံး၊ ယမ်းမဲ ၃ ပိဿာခန့် တစ်ထုပ်၊ ၁၂ ဗို့ ဘတ္တရီ ခြောက်လုံး၊ Light Truck ကားအမျိုးအစား နှစ်စီး၊ Boxy ကားအမျိုးအစား ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း ရဲဘော် ခုနစ်ဦး ကျဆုံးကြောင်းနှင့် စစ်ကောင်စီဘက်မှ ဖော်ပြသည့်လက်နက်၊ ခဲယမ်းများနှင့် နီးစပ်သည့် ပမာဏ တစ်ရပ် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သတင်းထုတ်ထားပြန်သည်။
“ကျွန်တော်တို့တွေ ကင်းပုန်းဝပ်တာ အားနည်းလို့ ဒီလိုဖြစ်တယ်လို့ ယူဆတယ်။ သူတို့ (စစ်ကောင်စီတပ်) ရွာထဲ ဝင်ခြင်း၊ မဝင်ခြင်းကို တကယ် အတိအကျ မသိလို့ ခံလိုက်ရတာ။ ကိုယ်ကင်းပုန်းဝပ်ရမှာကို ရန်သူ ကင်းပုန်းဝပ်တာ ခံလိုက်ရတာ ကိုယ့်ဘက်က အားနည်းချက်ပဲ” ဟု ပုလဲလူထုသပိတ်ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုတိုးဝေအောင်က သုံးသပ်ပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ရန်အတွက် NUG MOD တပ်ရင်းများနှင့် MOD အသိအမှတ်ပြု ဒေသခံကာကွယ်ရေးတပ်များ ပါဝင်ခဲ့သည်။
ပုလဲအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း (၁၀)၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့၊ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့၊ M7 တပ်ဖွဲ့၊ ပုလဲမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များနှင့် အခြားကာကွယ်ရေးတပ်များပါဝင်သည်။
“MOD အနေနဲ့ COC တည်ဆောက်နေတာက ဟုတ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေနဲ့ Local အဖွဲ့တွေ များနေလို့ COC အချိန်မီ တည်ဆောက်နိုင်ဖို့ ရုန်းကန်နေရတယ်ပေါ့။ ဒါကတစ်ပိုင်းပေါ့။ ကျွန်တော်တို့က သွားတိုက်တော့မယ်ဆိုရင်လေးဖွဲ့ သွားတိုက်မှာလား၊ ငါးဖွဲ့ သွားတိုက်မှာလား။ သွားတိုက်ကြတဲ့အဖွဲ့တွေက တစ်ပွဲချင်းစီ COC သေချာ မတည်ဆောက်ဘဲ သွားတိုက်ရင်တော့ ခံနေကြရဦးမှာပဲ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ Chain of Command (COC) အားနည်းမှုကြောင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ ကြုံနေရသည့် အခြေအနေအား ကိုတိုးဝေအောင်က ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး ကျဆုံးခဲ့ရသည်အထိ သေချာစနစ်တကျ စီစဥ်တိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဆားလင်းကြီးနှင့် ပုလဲမြို့နယ်အတွင်း၌ လှုပ်ရှားနေသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့အမည်များကိုပင် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် စုံစမ်းမသိရှိနိုင်သေးပေ။
ထိုစစ်တပ်စစ်ကြောင်းက စစ်ဝတ်စုံများ ဝတ်၍ လှုပ်ရှားခြင်းမဟုတ်သည့်အပြင် ကာကွယ်ရေးတပ်ဖွဲ့များကစစ်ဆင်ရေးများပြုလုပ်ရာ၌ စစ်ကောင်စီဘက်မှ ဘယ်နှစ်ဦး သေဆုံးကြောင်း သတင်းများ ထုတ်ပြန်နေသော်လည်း သေဆုံးအလောင်းနှင့် လက်နက်များကို သိမ်းဆည်းရမိခြင်း မရှိသေးသည့်အတွက် တပ်ရင်းတပ်မအမည်များကို အတည်ပြုနိုင်ရန် ခက်ခဲနေသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပုံစာ– ယခုလ ဖေဖော်ဝါရီ ၁၂ရက်တွင် ပုလဲမြို့နယ်အစပ်၌ စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော်များကို သင်္ဂြိုဟ်နေခြင်း။