ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံ ချမှတ်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်တစ်ထောင်ခရိုင်တရားရုံးက ကိုဂျိမ်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ) ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုလို အမိန့်ချမှတ်ခြင်းသည် မတရားဖမ်းဆီးအမှုဆင် ထောင်ချခြင်းဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူက လူမှုကွန်ယက်တွင် ရေးသားထားသည်။
၎င်းက “ဒီမိုကရေစီရေး ကာကွယ်လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူ တစ်ဦးကို နိုင်ငံရေး ဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မ အမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင် ထောင်ချ ခြင်းဖြစ်ပါတယ်” ဟုဆိုသည်။
ကိုဂျိမ်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ထားပြီး ဖြစ်သည်။ ကိုဂျိမ်းသည် ၂၀၂၂ခုနှစ် ဇွန်လပိုင်းတွင် ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၅၁၇၇ ဦးရှိပြီး ၃၇၁၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။