စစ်ကောင်စီအထိုင်တပ်နှင့် ရဲစခန်း ၁၅ ခုကို NUG PDF နှင့်ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်
*************************
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များကို မဟာဗျုဟာကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယခုလ ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် ၁၅ ခုကို တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်ခဲ့သော ပစ်မှတ်များမှာ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့အထိုင်စခန်း၊ စံပယ်နသာအထိုင် ရဲစခန်း၊ စိန်နားကျေးရွာ ပျုစောထီးအထိုင်စခန်း၊ ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်။
ထို့ပြင် တန့်ဆည်မြို့နယ်ရှိ အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ်ရှိ ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင် မြို့နယ်ရှိ ရဲစခန်း၊ ပုလဲမြို့နယ်ရှိ ပုလဲ ရဲစခန်း၊ အင်မထီး ပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း တို့ကိုတိုက်ခိုက်ခဲ့သည်။
ထို့နောက်မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်း၊ ရွှေဘိုမြို့နယ်ရှိ ပန်းလှိုင်ကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၄၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ထိုတိုက်ပွဲများအတွင်း၌ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်းများ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုပူးပေါင်းတပ်ဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့် မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။