၁၀ရက်ကြာ ချင်းပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံး
***************
ဖေဖော်ဝါရီ၁၃၊ ၂၀၂၃။
Chin National Army(CNA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ၁ရက်မှ ၁၁ရက်နေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု CNA၏ထုတ်ပြန်ချက်အရသိရသည်။
CNA တပ်မဟာ၁နယ်မြေအတွင်း Zotungဒေသသို့ဖေဖော်ဝါရီ၄ရက်နေ့တွင် အင်အား၁၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် CNAအပါအဝင် CDF Matupi၊ CDF Zotungနှင့် CDF Maraအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ၆ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ဦးထက်မနည်းကျဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
CNA တပ်မဟာ၃နယ်မြေ ထန်တလန်မြို့တွင်စစ်ကောင်စီတပ်သား၆ဦးကို လက်နက်များနှင့်တကွ ဖေဖော်ဝါရီ ၁ရက်နေ့က အရှင်ဖမ်းဆီးရမိခဲ့ပြီး ဖေဖော်ဝါရီ ၈ရက်နေ့တွင်လည်း စစ်ကောင်စီခြေကုတ်ယူထားသည့် ရဲစခန်းနှင့် ထွေအုပ်ရုံးများကို CNAနှင့် CDF Thantlangတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ၄ရက်တွင်လည်း တပ်မဟာ၄နယ်မြေအတွင်း ရိက္ခာသယ်နေသည့် CNAရဲဘော်များကို စစ်ကောင်စီလက်အောက်ခံ ZRAအဖွဲ့က ချုံခိုကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု
သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၅ဦးထက်မနည်းကျဆုံးခဲ့ပြီး လက်နက်အလက်၅၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းယူနိုင်ခဲ့သည်ဟု CNAကဆိုသည်။
ဖေဖော်ဝါရီ ၁ရက်မှ၁၂ရက်နေ့အထိ စစ်ကောင်စီက တိုက်လေယာဥ်များ ရဟတ်ယာဥ်များဖြင့် ၁၀ကြိမ်ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကို စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။