• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်
  • ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်
  • မန္တလေးသပိတ်ခေါင်းဆောင် အဖမ်းခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
  • စစ်တပ် လက်နက်ကြီးကြောင့် ကျိုက်ထိုတွင် အရပ်သား နှစ်ဦးသေဆုံး၊ ရွာသားအချို့ လူသားဒိုင်းအဖြစ် ဖမ်းဆီခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»တိုက်နယ်တစ်ခုလုံးရဲ့ ကာကွယ်ရေး ဒုတာဝန်ခံဖြစ်လာသူ အမျိုးသမီး
သတင်းဆောင်းပါး

တိုက်နယ်တစ်ခုလုံးရဲ့ ကာကွယ်ရေး ဒုတာဝန်ခံဖြစ်လာသူ အမျိုးသမီး

thanlwinkhetBy thanlwinkhetFebruary 12, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သားသမီးများ၏ မိခင် ဖြစ်သူ၊ အာဏာသိမ်းကာလအတွင်း သားသမီးအရေး၊ မိသားစုအရေးထက် တော်လှန်ရေးကိုသာ ဦးပေးခဲ့သူ။

ရှေ့တန်းတိုက်ပွဲများတွင် အမျိုးသမီး တစ်ဦး အမြဲ ပါတတ်သည်ကို စစ်ကောင်စီတပ်များ သတိပြုမိခဲ့ပြီး ရန်သူ၏ အလိုချင်ဆုံး စာရင်းဝင်နေသူ။

ထိုသူကား တခြားမဟုတ်။ ပြီးခဲ့သော လကမှ စစ်ကိုင်းတိုင်းအထက်ပိုင်း မိုးတားတိုက်နယ်၏ ပ.က.ဖ ဒုတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည့် အိန်ဂျလာပင်။

အိန်ဂျလာတို့ ဒေသခံကာကွယ်ရေးစစ်ကြောင်းကို ရန်သူစစ်ကောင်စီတပ်များက အသည်းအသန် ချေမှုန်းနေချင်ကြသည်။

စစ်ကောင်စီတပ်များ အဓိက အလိုရှိနေကြသည်က ခေါင်းဆောင်ပိုင်း နှစ်ဦးကို ဖြစ်သည်။ စစ်ကြောင်း ခေါင်းဆောင် ဗိုလ်သာလိကာနှင့် ဒုတာဝန်ခံ အိန်ဂျလာတို့ နှစ်ဦးကို ရှင်းလင်းနိုင်လျှင် တိုက်နယ် တစ်ခုလုံး၏ တော်လှန်ရေး ချုပ်ငြိမ်းသွားမည်ဟုပင် စစ်ကောင်စီဘက်မှ တွင်တွင် ပြောစမှတ်ပြုလာသည်အထိဖြစ်သည်။

စစ်ကောင်စီတပ်များ ပြောစမှတ်တွင်ရသည်အထိ အိန်ဂျလာတို့စစ်ကြောင်းသည် တစ်ဖွဲ့တည်းလည်း လက်သံပြောင်သည်။ မဟာမိတ်တပ်များနှင့် ချိတ်ဆက်၍လည်း အကောင်းဆုံး မစ်ရှင်များကို ဖော်ဆောင်သည်။

“နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်းတွေကို မြုပ်ထားတဲ့ မြေစာပုံ ၅၀ လောက် ရှိတယ်။ အနံ့တွေက တအား နံပြီး ထောင်းနေတာ၊ ရဲဘော်တွေ အနားမကပ်နိုင်ကြဘူး”

ပြီးခဲ့သည့် ဇန်နဝါရီလ၌ ပူပူနွေးနွး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ပိတ်ဆို့ တိုက်ခိုက်နိုင်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတုန်းအရုန်း သေဆုံးခဲ့သည်ကို တိုက်နယ်ကာကွယ်ရေး ဒုတာဝန်ခံ အိန်ဂျလာက ပြောနေခြင်းပင်။

ယခုနှစ်အစပိုင်း ဇန်နဝါရီလ တတိယအပတ်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မဟာမိတ်တပ်များ စုပေါင်း၍ အင်းအားအလုံးအရင်းဖြင့် တိုက်ခဲ့သော ပထမဆုံးတိုက်ပွဲဖြစ်သည်။

စစ်ကောင်စီဘက်က သုံးရက်ဆက်တိုက် တိုက်လေယာဥ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့ရသည်အထိ ပြင်းထန်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် ၅၀ ဦးကျော် သေဆုံးခဲ့သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA၊ ABSDF နှင့် ကာကွယ်ရေးတပ်များက ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အင်အား ၇၀ ကျော်ရှိ စစ်ကောင်စီတပ်၏ ခလရ ၇၇ စစ်ကြောင်းကို ဧရာဝတီမြစ်ကမ်းဘေး မိုးတားလေးစံပြကျေးရွာနှင့် နှစ်မိုင်ခွဲခန့်အကွာ ဆိပ်သာရွာတွင် မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

“ထိပ်မှာက မြို့လှတပ်ရင်း၊ အလယ်မှာ ABSDF၊ ဘေးဘက်မှာက EAO တပ်ပေါင်းစုနဲ့ PDF ဆိုတော့ တပ်မ ၇၇ အဖို့ရာ အနောက်မှာက ကမ်းပါးကြီးနဲ့ မြစ်ကြောင်းပဲ ရှိတော့ ထွက်လမ်း မရှိတော့သလို ဖြစ်သွားတယ်” ဟု မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ဗျူဟာကျကျ စီစဥ်တိုက်ခိုက်ခဲ့သည်ကို အိန်ဂျယ်လာက ပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ ဖြစ်သည့် မိုးတားတိုက်နယ်တွင် KIA တပ်များနှင့် ABSDF တို့အပြင် ဗိုလ်သာလိကာ ဦးဆောင်သည့် မိုးတားတိုက်နယ် ကာကွယ်‌ရေးတပ်ဖွဲ့ စစ်ကြောင်းသည်လည်း ထင်ရှားသည်။

လက်နက်အင်အား တပ်ဆင်ထားနိုင်မှုနှင့် စုဖွဲ့မှုအားကောင်းမှုတို့ကြောင့် မိုးတားတိုက်နယ် ကာကွယ်ရေးတပ်စစ်ကြောင်းကို ရန်သူစစ်ကောင်စီတပ်များက လျှော့မတွက်ရဲကြ။

ထို့ပြင် ရှေ့တန်းစစ်မြေပြင်၌ အမျိုးသမီးရဲဘော် တစ်ဦးက သူတို့ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်များအဖို့ ပို၍ပင် မချိတင်ကဲ ဖြစ်နေကြရသည်။

စျေးသည်မှ ကာကွယ်ရေးရဲဘော် ဖြစ်လာ
******************************

ဧရာဝတီမြစ်ကမ်းဘေး မိုးတာလေးစံပြကျေးရွာတွင် နေထိုင်သူ အိန်ဂျလာသည် အာဏာမသိမ်းခင်က စျေးလိုက်ရောင်းရင်း တဖြည်းဖြည်းနှင့် ကိုယ်ပိုင်ဆိုင်လေး ဖွင့်၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

သို့သော် အာဏာသိမ်းဖြစ်စဥ်က သူ့ဘ၀ကို အချိုးအကွေ့ တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ နဂိုကတည်းက နိုင်ငံရေး အသိစိတ်ရှိသူ အိန်ဂျလာသည် အာဏာသိမ်းကာလ၌ ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်။

“အာဏာသိမ်းမတိုင်ခင် မဲဆွယ်တာ၊ စည်းရုံးရေးကာလကတည်းက သူ့ရဲ့ စီးပွားရေးကို ပစ်ပြီး မဲဆွယ်တယ်။ စည်းရုံးတယ်။ စည်းရုံးရေးအတွက် လိုအပ်တဲ့ အင်္ကျီတို့ အလံတို့ကအစ ကိုယ်ပိုင် စိုက်ထုတ်ဝယ်တယ်” ဟု အိန်ဂျလာ၏ နိုင်ငံရေးတက်ကြွမှုကို မိုးတားလေးကျေးရွာဒေသခံ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းကာလ အစပိုင်း ဆန္ဒပြပွဲများတွင် ကသာမြို့ပေါ်အထိ တက်၍ ဆန္ဒပြကြရသည့်အတွက် သူခေါ်သွားသည့် သူများအတွက် ထမင်းဝယ်ကျွေးသည်ကအစ ကုန်ကျစရိတ်များကို အိန်ဂျလာ တာဝန်ယူသည်။

ကသာမြို့ပေါ် ဆန္ဒပြပွဲတွင် အကြမ်းဖက်ဖြိုခွင်းမှု တချို့ ရှိခဲ့ပြီး အသက်ဆုံးရှုံးရသည့် ဖြစ်စဥ်မျိုးနှင့် မကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအနှံ့မှ ဆန္ဒပြသူများကို အသက်သေစေသည်အထိ စစ်ကောင်စီက ဖြိုခွင်းနေခဲ့သည်ကို အိန်ဂျလာ မခံမရပ်နိုင်ဖြစ်ခဲ့သည်။

“ကိုယ့်မျက်စိရှေ့မှာ ကျဆုံးတာတွေ မမြင်တွေ့ရပေမယ့် မြသွဲ့သွဲ့ခိုင်တို့၊ ကြယ်စင်တို့လို၊ ဆရာမကြီး ဒေါ်တင်နွဲ့ရီတို့လို ပြည်သူတွေ တစ်ယောက်ပြီး တစ်ယောက် အသက်ဆုံးရှုံးနေရတာကို သတင်းတွေမှာ ကြားသိနေခဲ့ရတာပေါ့နော်။ ပြည်သူ့အာဏာ ပြည်သူကို ပြန်ပေးဖို့ အေးအေးချမ်းချမ်း တောင်းဆိုနေလို့ မဖြစ်တော့ဘူး။ လက်နက်ကိုင်ပြီး ပြန်တိုက်မှ ရမယ်ဆိုတာ
သိလာတယ်” ဟု သူက ဆိုသည်။

လက်နက်ကိုင်တော်လှန်ရေးဘက် သွားရန် တွန်းအား ဖြစ်လာခဲ့ရသည်ကို အိန်ဂျလာက ပြောသည်။ စိတ်ထဲက ဖြစ်ပေါ်လာသည့်အတိုင်း ၂၀၂၁ ခုနှစ် မတ်လကတည်းက စစ်သင်တန်း တက်ရောက်ရန် အိန်ဂျလာ စီစဥ်သည်။ ချိတ်ဆက်သည်။

အစစအရာရာ စီစဥ်ထားပြီး သင်တန်းသွားတက်ခါနီးအချိန်တွင် မိသားစုအရေးကြီးကိစ္စတစ်ခုကြောင့် ပျက်ပြယ်ခဲ့ရသည်။ သို့သော် သင်တန်းတက်ရောက်လိုသည့် လူငယ်များကို ပို့ဆောင်ပေးသည်။ သင်တန်းအတွက်လည်း ထောက်ပံ့မှုများ ပြုလုပ်ပေးနေခဲ့ရင်း ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အထုပ်များ ဆွဲ၍ တောတွင်းစခန်းထဲသို့ အိန်ဂျလာ ထွက်လာခဲ့သည်။

ပထမဆုံး တိုက်ပွဲအတွေ့အကြုံမှာပင် အောင်မှတ် ရရှိ
****************************

တောတွင်းစခန်းကို ရောက်ရှိပြီး စစ်ကောင်စီတပ်များနှင့်အနီးကပ် တိုက်ခိုက်ချင်သည့် အိန်ဂျလာတစ်ယောက် သင်တန်းတွင် ကြိုးစားသည်။

အမျိုးသမီးဖြစ်သောကြောင့် အနေအထိုင် အဆင်မပြေမှု၊ သင်တန်းတွင် ခက်ခဲကြမ်းတမ်းမှုများနှင့် ကြုံရသည်။ သို့သော်သင်တန်းကို အောင်မြင်ပြီးမြောက်အောင် တက်နိုင်ခဲ့သည်။ သင်တန်းပြီးသည်နှင့် ရှေ့တန်း တိုက်ပွဲဝင်ရရေး ခေါင်းဆောင်များကို တဖွဖွ ပြောဆိုသည်။

“အမျိုးသားတစ်ယောက် မဟုတ်ဘဲ အမျိုးသမီး တစ်ဦး ဖြစ်တယ်ဆိုကတည်းက ကိုယ်ရွေးချယ်တဲ့ လက်နက်ကိုင်လမ်းစဥ်က အစမှာကတည်းက ခက်ခဲတော့တာပဲ။ အခက်အခဲတွေက ပြောပြရင် မကုန်နိုင်ဘူးပေါ့။

သင်တန်းပြီးလို့ ရှေ့တန်းလိုက်ချင်လို့ ပြောတော့လည်း ခေါင်းဆောင်ကအစ မလိုက်စေချင်ဘူး။ နောက်တန်းမှာပဲ လုပ်စရာ ရှိတာတွေ လုပ်ပေါ့။ ရဲဘော်တွေကလည်း အမျိုးသမီး တစ်ယောက်အနေနဲ့ တိုက်ခိုက်တာ မလုပ်သင့်ပါဘူးဆိုပြီး ဝိုင်းတားကြတယ်”

ရှေ့တန်းထွက်ဖို့ တပ်ဖွဲ့ တစ်ခုလုံးက တားကြသည့်ကြားမှ အလျှော့မပေးဘဲ အတင်း ပြောဆိုခဲ့သောကြောင့် အိန်ဂျလာ တစ်ယောက် ရှေ့တန်းလိုက်ခွင့် ရခဲ့သည်။ အိန်ဂျလာ တောတွင်းစခန်းကို ရှောက်ရှိပြီး ၈ လအကြာ ၂၀၂၂ ခုနှစ် မေလတွင် ရှေ့တန်းထွက်ခဲ့ရသည်။

၂၀၂၂ ခုနှစ် မေလ ၂ ရက်တွင် မိုးတားတိုက်နယ် မင်္ဂလာသုခရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲသည် အိန်ဂျလာအတွက် ပထမဆုံးရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ပစ်ခတ်ရသည့် တိုက်ပွဲဖြစ်သည်။

အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကသာမြို့ပေါ်မှ မိုးတားတိုက်နယ်ဘက်သို့ ခြေလျင်စစ်ကြောင်း ထိုးလာရာ သတင်းကြိုရ၍ မေလ ၁ ရက် ညကတည်းကပင် တစ်ညလုံး မင်္ဂလာသုခရွာအနီး၌ အိန်ဂျလာတို့ တပ်ဖွဲ့ နေရာယူ စောင့်ဆိုင်းနေခဲ့သည်။

“မနက် ၄ နာရီလောက်မှာ ပိုက်ခြင်းတွေနဲ့ တက်လာပြီလို့ ကင်းထောက်တွေ သတင်းပို့တော့ ခေါင်းဆောင်က အားလုံးကို အသင့် နေရာယူခိုင်းတယ်။ မပစ်ခိုင်းသေးဘူး။ ဖြည်းဖြည်းနဲ့အဝေးကနေ မြင်လာရတဲ့အခါ ခေါင်းဆောင်က ၄၀ မမ နဲ့ သုံးလုံး အရင် ပစ်တယ်။ ဒါပေမယ့် ရန်သူဘက်က မပစ်ဘဲ အခြေအနေက ငြိမ်သွားတယ်။

ရန်သူက နေရာယူလိုက်ပုံ ရပါတယ်။ နောက်ခဏကြာတော့ ရန်သူဘက်က စပစ်လာတော့ လက်နက်ငယ်သမားတွေ အကုန်ပစ်ဆိုတော့ ကိုယ်က နေရာကလည်း ယူပြီးသား မောင်းကလည်းတင်ပြီးသားဆိုတော့ တရစပ် ပစ်လိုက်တာပဲ” ဟု ပထမဆုံးတိုက်ပွဲ အတွေ့အကြုံကို အိန်ဂျလာက ပြောသည်။

နံနက် ၆ နာရီကျော်တွင် အပြန်အလှန် ပစ်ခတ်မှုများဖြင့် ပြင်းထန်သော အဆိုပါတိုက်ပွဲသည် နံနက် ၈ နာရီခန့်တွင် ပြန်ငြိမ်သွားခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးများက ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည့်ဘက် တောက်လျှောက်ကျလာသောကြောင့် နောက်တောင်စောင်း တစ်နေရာကို ဆုတ်၍ နေရာယူကြရသည်။

ကာကွယ်​ရေးတပ်များက ဆုတ်လမ်းတစ်လျှောက် မိုင်းများထောင်သည်။ လက်နက်ကြီးသမားများက တောင်ကုန်းပေါ်တက်၍ နေရာယူကြသည်။

နေ့လည်ပိုင်းတွင် တစ်ကြိမ် အပြန်အလှန် ပစ်ခတ်မှု ထပ်ဖြစ်သည်။ ထိုအကြိမ်တွင် လက်နက်ငယ်သမားများ မပစ်ရတော့။ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်သည့် တိုက်ပွဲ ဖြစ်သွားသည်။

မိုင်းတွင်းထဲ ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး တောင်ကုန်းပေါ်မှ နေရာယူထားသည့် လက်နက်ကြီးအဖွဲ့က ထိုနေရာကို ထပ်ပစ်သည်။ ထိခိုက်မှု ရှိပြီး ဖရိုဖရဲဖြစ်သွားသော စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်သည်။

ထို့ပြင် ကသာမြို့ပေါ် စစ်ကောင်စီအထိုင်တပ်မှလည်း ၁၂၀ မမ ဖြင့် ပစ်ကူပေးသည်။ သို့သော်လည်း စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုများဖြင့် တပ်ပြန်ဆုတ်သွားခဲ့ရသည်။ ထိုတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရှိရပြီး တပ်ဆုတ်သွားသည့်စစ်ကြောင်း၌လည်း ဒဏ်ရာရ သုံးဦးကို ပုခက်ဖြင့် ထမ်းသွားခဲ့သည်ဟု ဆိုသည်။

“ငါတို့ လူကြီးတွေက တို့ကို ပြောတုန်းကတော့ အဲဒီဘက် ဒေသတွေမှာ တူမီးနဲ့ လက်လုပ်တွေလောက်ပဲ ရှိတယ် ပြောပြီးတော့ ပစ်လိုက်တဲ့ လက်နက်ကြီး၊ ပစ်လိုက်တဲ့ အော်တိုတွေပေါ့။ အဲဒီလိုကို ပြောစမှတ် တွင်ခဲ့တယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ရာ လမ်းတွင် ကသာမြို့ပေါ် ဒေသခံများအား ပြောကြားခဲ့သည့် စကား တစ်ခုအား အိန်ဂျလာက ရယ်ရင်း ပြောသည်။

ထိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် မရှိဘဲ စစ်ဆင်ရေး အောင်မြင်ခဲ့သည်။ ပထမဆုံး အတွေ့အကြုံဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်မှုမရှိ တိုက်ပွဲအတွင်း လိုက်နာဆောင်ရွက်မှုများကိုလည်း အခြားအမျိုးသားရဲဘော်များနည်းတူ အိန်ဂျလာ အကောင်းဆုံး လုပ်နိုင်ခဲ့သည်။

သာမန်အမျိုးသမီးရဲဘော်မှ ကာကွယ်ရေးတပ် ဒုတာဝန်ခံ ဖြစ်လာ
**************************

အလုပ်ကြိုးစားပြီး စည်းကမ်းပြည့်ဝမှု ရှိခြင်းတို့ကြောင့် အိန်ဂျလာတို့ စစ်ကြောင်းကို တာဝန်ရှိလူကြီးများက လက်နက်အင်အား ကောင်းကောင်း တပ်ဆင်ပေးသည်။

သူ၏ ပထမဆုံးတိုက်ပွဲတွင် သာမန်ရဲဘော်ဖြစ်သည့်အပြင် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း AK မောင်းပြန်ကို ကိုင်ခဲ့ရသည်ဟု အိန်ဂျလာက ပြောသည်။ ထို့ပြင် တပ်ဖွဲ့ဝင်များတွင်လည်း ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးသမားများ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ပထမဆုံးတိုက်ပွဲအတွေ့အကြုံမှာပင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သော အိန်ဂျလာသည် နောက်ပိုင်းတိုက်ပွဲများတွင် ဆက်တိုက် လိုက်ပါခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးဖြစ်နေသော်လည်း တိုက်ပွဲတွင်း ရွပ်ရွပ်ချွံချွံ ပါဝင်နေသည့်အတွက် အခြားရဲဘော်များအတွက် အင်အားတစ်ခုဖြစ်စေသည် ဆိုသည့် အကြောင်းကြောင့်ပင်။

တိုက်ပွဲများအတွင်း၌ တိုက်ခိုက်ရေးပိုင်းသာမက ဒဏ်ရာရရဲဘော်များကို ဆေးကုသနိုင်ရန် ကာကွယ်ပို့ဆောင်ပေးခြင်းများကိုလည်း အိန်ဂျလာ လုပ်ဆောင်ခဲ့ရသည်။

စစ်ကောင်စီတပ်၏ ကုန်းလမ်း၊ ရေလမ်း စစ်ကြောင်းတို့မှ ထိုးစစ်ဆင်မှုများတွင် တိုက်ပွဲအလီလီ ဆင်နွှဲခဲ့သော အိန်ဂျလာသည် တိုက်လေယာဥ်များဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်မှုကိုလည်း အပြင်းထန်ဆုံး ကြုံခဲ့ရသည်။

“လေယာဥ်ဆိုတဲ့ ဟာမျိုးကလေ မခံစားဖူးတဲ့ လူတော့ သိမှာမဟုတ်ဘူး။ လေယာဥ်ပေါ်က ဘာဗုံးမှ မကြဲရင်နေ စက်နဲ့ ဆွဲတဲ့အသံ မဟုတ်ရင်တောင်မှ ဝီးဝီး..ဝီးဝီး ဆိုတဲ့ အသံကြားတာနဲ့တင် လူကို သေးသေးလေး ဖြစ်ပြီးတော့မှ မြေကျဥ်းထဲကို ကျုံ့ဝင်စိတ်တောင်ဖြစ်တယ်” ဟု ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော မင်းလယ်တိုက်ပွဲသည် စိတ်လှုပ်ရှားစရာနှင့်ကြောက်စရာ အကောင်းဆုံးဖြစ်ခဲ့သည်ကို အိန်ဂျလာက ပြောသည်။

ထိုတိုက်ပွဲသည် စစ်ကောင်စီတပ် သင်္ဘောများ ဧရာဝတီမြစ်ကြောင်းမှ မိုးတားတိုက်နယ်ကို ဖြတ်တက်ချိန်၌ သင်္ဘောကိုကာကွယ်ရသော စစ်ကောင်စီတပ်နှင့် သင်္ဘောများကို တိုက်ခိုက်ရန် စီစဥ်ထားသော ကာကွယ်ရေးတပ်တို့အကြား နေရာလုသောတိုက်ပွဲ ဖြစ်သည်။

မင်းလယ်တောင်ကုန်းပေါ် နေရာယူရန် လာသော စစ်ကောင်စီတပ်ကြောင်းကို ကာကွယ်ရေးတပ်များက စီးကြိုတိုက်ခိုက်ခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ရှေ့မတိုးနိုင်ဖြစ်ခဲ့ရသည်။

နေ့လည်ပိုင်းကတည်းက ဖြစ်ပွားခဲ့သော ထိတွေ့ဖြစ်ပွားမှုသည်ညနေစောင်းလာချိန်အထိ စစ်ကောင်စီတပ်များအတွက် အခြေအနေ မဟန်ခဲ့။ ထို့ကြောင့် စစ်ကြောင်စီတပ်က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။

“ဒီကောင်တွေ ၄ နာရီထိုးလို့မှ ဒီကို မရောက်လာဘူးဆိုရင် ဒီနေ့အဖို့ တောင်ကုန်းပေါ် မတက်နိုင်ဘူး၊ ဘာညာပေါ့၊ စစ်ကြောင်းမှူးက ပြောနေတာ။ လေယာဥ်တက်လာကြောင်း စက်ပေါက်လာတော့ ကိုယ့်ဝပ်ကျင်းကိုယ် နေရာယူတုန်း ရှိသေးတယ်။ လေယာဥ်က ခေါင်းပေါ်မှာ ဝဲပြီးတော့ ဗုံးတွေ ကြဲပစ်ချတော့တာပဲ”

စစ်ကောင်စီတပ်၏ လေယာဥ်ဖြင့် တိုက်ခိုက်ချိန် ၁၂ မိနစ်ခန့်အတွင်း ကမ္ဘာ့ပျက်မတတ် ခံစားခဲ့ရသည်ဟု အိန်ဂျလာကပြောသည်။ ထိုအချိန်အတွင်း အိန်ဂျလာတို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တစ်ဦးနှင့် တစ်ဦး စိုးရိမ်ပူပင်သောကများ ဗျာများခဲ့ရသော်လည်း ထိုလေကြောင်းမှ တိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်များ ထိခိုက်မှု မရှိခဲ့။

ထို့ကြောင့် တောင်ကုန်းပေါ် တက်ရန် ထပ်ကြိုးစားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တိုက်ပွဲပင် ထပ်မံဖြစ်ပွားခဲ့သည်။

ထိုညနေခင်းတိုက်ပွဲသည် လေယာဥ် မလာခင်က ထိတွေ့မှုထက်ပိုမိုပြင်းခဲ့ပြီး ကာကွယ်တပ်ဖွဲ့ဝင်များ ကျည်မလုံလောက်မှုဖြစ်လာ၍ ဆုတ်ခွာပေးခဲ့ရသည်ဟု အိန်ဂျလာက ပြောသည်။

အဆိုပါနေ့ တစ်နေ့လုံး ပြင်းထန်တိုက်ပွဲ ဆင်နွှဲခဲ့သော အိန်ဂျလာတို့ တပ်ဖွဲ့သည့် နောက်နေ့ နံနက်ပိုင်းတွင် မြေနုတိုက်ပွဲသို့ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးခဲ့ရသည်ဟု ဆိုသည်။

ရှေ့တန်းတိုက်ပွဲ ၃၀ ဝန်းကျင်အထိ ဆင်နွှဲခဲ့ပြီး အတွေ့အကြုံများစွာ ရှိခဲ့သည့် အိန်ဂျလာသည် တစ်ဖက်တွင်လည်း ဘဏ္ဍာရှာဖွေ‌ရေးအပိုင်းမှအစ တပ်ဖွဲ့၏ အရေးကြီးကိစ္စများစွာကို မတွယ်မကပ် ဆောင်ရွက်နေမှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် မိုးတားတိုက်နယ်၏ ပ.က.ဖ ဒုတိယတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

“ပ.က.ဖ လုပ်ငန်းစဥ်တွေက စစ်ရေးတွေအပြင် ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ အခြားဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်ဆောင်ရမှာတွေ ရှိတယ်။ စစ်ကြောင်းမှာ ကိုယ်လုပ်ပေးနေတာတွေ လျော့သွားမှာစိုးလို့ ငြင်းတာ မရဘူး။ လုပ်နေတဲ့ တာဝန်တွေ သိတယ်။ လုပ်လည်း လုပ်ခဲ့တယ်။ လုပ်လည်း လုပ်နေဆဲဖို့အတွက်တာဝန်ပေးတာဆိုပြီး လူကြီးတွေက အတင်းပြောတော့ လက်ခံလိုက်ရတယ်” ဟု အိန်ဂျလာက ဆိုသည်။

အာဏာသိမ်း နှစ်နှစ်ကာလကျော်လာပြီး တော်လှန်ရေး ကြာမြင့်လာချိန်တွင် ခက်ခဲ၊ ပင်ပန်း ဆင်းရဲမှုမျိုးစုံကို ကျော်လွှားနိုင်ခဲ့သည့်အပြင် တပ်ဖွဲ့မှာလည်း အရင်ကထက် ပိုမို အားကောင်းလာသည်ဟု ဆိုသည်။

အချိန်ကာလကြာသည်နှင့်အမျှ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဆိုသည့် ရည်မှန်းချက် ခိုင်မာသူများဖြင့်သာ စုစုစည်းစည်း ပို၍ ဖြစ်လာသည်ဟု အိန်ဂျလာက ပြောသည်။

တပ်ပိုင်းဆိုင်ရာကိုလည်း တိုက်ခိုက်ရေး၊ ထောက်ပို့ရေးစသည်ဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့အခြေအနေကောင်း များစွာကို ရရှိပိုင်ဆိုင်ထားသော်လည်း မြေပြင်အတွေ့အကြုံ များစွာ ရှိသူပီပီ၊ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးပီပီ စိတ်ကူးယဥ်မဆန် လက်တွေ့ဆန်သည့် စကားကိုသာ အိန်ဂျလာ ပြောသည်။

“လူကြီးတွေ ပြောတဲ့ စကားအရရော ကိုယ့်အတွေ့အကြုံအရပါ ဒီ၂၀၂၃ ထဲမှာတော့ အိမ်ပြန်နိုင်ဦးမှာ မဟုတ်ဘူး”

ခံယူချက် ပြင်းပြမှု၊ အလုပ်ကြိုးစားမှုတို့ကြောင့် နေရာနှင့် ရာထူးတစ်ခု ရရှိလာသော်လည်း ထိုအရာများကို အိန်ဂျလာ မမက်မော၊ တော်လှန်ရေးပြီးသည်နှင့် အိမ်ပြန်ချင်သည်မှာ သူ့ဆန္ဒသာ ဖြစ်သည်။

saw smith ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်ရှိစစ်ကောင်စီဂိတ်စခန်းတစ်ခုအားတိုက်ခိုက်ခဲ့ရာ စစ်သားများသေဆုံးပြီး လက်နက်များသိမ်းဆည်းရရှိ
Next Article နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု KNU ယုံကြည်
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

December 20, 2025

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

December 19, 2025

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

December 18, 2025

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

December 18, 2025

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

December 18, 2025

ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်

December 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.