![]()
နှောင်း/ဖိုးသောကြာ
မြန်မာ 3D Animation လောက၏ ပထမဆုံးလက်ရာ “ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင်သည် စားပွဲတင် တင်းနစ်ကစားရင်း နှလုံးရောဂါဖြင့် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ဆုံးပါးသွားခဲ့သည်။
ဒေါက်တာသူရသိန်းတင်သည် မြန်မာ့ သရီးဒီ Animation လောက၏ ရှေ့ဆောင်တစ်ဦးဖြစ်ပြီး သူတည်ထောင်သည့် Vertex Animation Studio မှ သရီးဒီ Animation ဆိုင်ရာ အတတ်ပညာ၊ အသိပညာများကို မြန်မာလူငယ်များအတွက် ဖြန့်ဝေနေသူဖြစ်သည်။
“ မြန်မာကားတော်တော်များများမှာ ဆရာရဲ့ VFX နဲ့ 3D Animation တွေ သုံးတာ တွေ့ဖူးပါတယ်။ သရီးဒီ Animation လုပ်နည်း သင်တန်းတွေလည်း ဖွင့်ထားတော့ ဒီလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပဲပေါ့ဗျာ” ဟု Myanmar Varient Entertainment မှ ဒစ်ဂျစ်တယ်ပုံဆွဲပညာရှင်တစ်ဦးက ပြောသည်။
ဦးဇာဂနာပါဝင်သည့် “အော်တိုဘုရင်”၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသည့် “ရေသူမ ” ဇာတ်ကားများနှင့် အခြား မြန်မာ ရုပ်ရှင်၊ ဗီဒီယိုများတွင်လည်း CGI ( ကွန်ပျူတာဖြင့် ဖန်တီးသော အရုပ်များ) များ ပြုလုပ်ပေးခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သည်။
ယင်းတို့အနက် “ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” မှာ 2010 ခုနှစ်က ပထမဆုံးပြသခဲ့ပြီး မြန်မာ့ ပထမဆုံး သရီးဒီလက်ရာ ရုပ်ရှင်တစ်ခုဖြစ်ကာ လူကြိုက်များခဲ့သည့် လက်ရာ တစ်ခုလည်းဖြစ်သည်။
ဒေါက်တာသူရသိန်းတင်အား သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်ရာ အသိုင်းဝိုင်းက အသိပေးထားပြီးလုပ်ဖော်ကိုင်ဖက်များ၊ တပည့်များနှင့် သရီးဒီ Animation လောက တစ်ခုလုံးက လူမှုကွန်ရက်မှတဆင့် ဝမ်းနည်းကြောင်း မှတ်ချက်များပေးထားကြသည်ကို တွေ့ရသည်။
#ထူးထူးနဲ့အံဖွယ်ကျွန်းကာတွန်း #ဒေါက်တာသူရသိန်းတင် #ThanLwinKhetNews
