ယမန်နေ့ နေ့လယ် ၃ နာရီခန့်က ဦးသျှောင်ဌာနီပြည်နယ်၊ နောင်ချန်းက နေအိမ်တစ်ခုမှာ နှစ်လသားအရွယ် ကလေးငယ်ကို Pitbull အမျိုးအစား အိမ်မွေးခွေးကိုက်၍ သေဆုံးခဲ့သည်ဟု Khaosod ထိုင်းသတင်းက ဖော်ပြသည်။
နောင်ချန်းခရိုင်၊ ထွန်းဖိုရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သတ္တုအပိုင်းအစများစုဆောင်းသူ ကလေးမိဘများက အဆိုပါနေအိမ်ရှိ ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများကို လာရောက်စုဆောင်းစဉ် နေအိမ်တွင် မွေးထားသော ခွေးက ကလေးတွန်းလှည်းပေါ်ရှိ နှစ်လသားအရွယ် သမီးငယ်ကို ကိုက်ခဲ့ခြင်းဖြစ်သည်ဟု နေအိမ်ပိုင်ရှင် ပြောကြားချက်ကို ရည်ညွှန်းဖော်ပြထားသည်။
ဖြစ်စဉ်မှာ မိဘများ အလုပ်လုပ်နေစဥ် နေအိမ်ပိုင်ရှင်၏ “Big” ဟု ခေါ်သည့် Pitbull ခွေးက အိမ်ထဲမှ ထွက်လာပြီး ကလေးတွန်းလှည်းနား သွားရောက်အနံ့ခံခဲ့ပြီးနောက် နေအိမ်ပိုင်ရှင်နှင့်အတူ အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် မကြာခင် နေအိမ်ပိုင်ရှင်က ကလေးအော်သံကြား၍ အပြင်ကို အမြန်ပြေးထွက်လာသည့်အခါ အဆိုပါ ခွေးက ကလေးကို ပါးစပ်နှင့် ကိုက်ထားသည်ကို တွေ့ရှိသောကြောင့် ခွေးကိုချက်ချင်းလွှတ်ခိုင်းသည့်အခါ ကလေးကို ရေမြောင်းထဲ ချခဲ့သည်ဟု ဆိုသည်။
နေအိမ်ပိုင်ရှင်နှင့် ကလေးမိခင်တို့က ဒဏ်ရာရကလေးငယ်ကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း ကလေးငယ်မှာ ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။