လက်ရှိတိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။
ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပဒိုစောတာဒိုမူးက“တော်လှန်ရေးရဲဘော်ရဲဘက်များခင်ဗျာ နောက်ဆုံးအနေနဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကို အသိပေးလိုတာက ကျွန်တော်တို့ရဲ့ စုပေါင်းအားနဲ့ ခေတ် စနစ် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မယ့် ဒီတော်လှန်ရေးကြီး အောင်မြင်မယ်လို့ ကျွန်တော် လုံးဝယုံကြည်ပါတယ်“ဟုပြောသည်။
စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် တာဝန်ရှိသူများ အနေဖြင့် စုပေါင်းခေါင်းဆောင်မှုဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။
၎င်းက “တော်လှန်ရေးရဲ့ သဘောသဘာဝအရ ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်းနဲ့အတူ ဒုက္ခဆင်းရဲတွေကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ကျော်ဖြတ်လည်း ကျော်ဖြတ်နေကြပြီး ဖြစ်ပါတယ်။ ဒါတွေကို ကြံ့ကြံ့ခံရင်း အပြန်အလှန်ရိုင်းပင်းကူညီမှု ပေးဆပ်ခြင်းများနဲ့ ကျော်ဖြတ်ကြပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ ဆက်လက်ချီတက် တိုက်ပွဲဝင်ကြပါ” ဟုပြောသည်။
နိုင်ငံအသစ်ကို ထူထောင်ရန် တိုက်ပွဲဝင်နေခြင်းဖြစ်သည့်အတွက် ရိုးသားမှု ၊ကတိတည်မှု နှင့် သဘောတူညီချက်များကို လေးစားလိုက်နာအကောင်ထည်ဖော်ပြီးနိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့်လည်း လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ပြေလည်အောင် အဖြေရှာရာတွင် ပြဿနာဇစ်မြစ်ကို လျစ်လျူရှုမထားရန် လည်း ယနေ့အခမ်းအနားတွင် အကြံပြုပြောဆိုခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU (Karen Nation Union) ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် ပါဝင်တိုက်ပွဲဝင်နေသည့်အင်အားကြီးသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် ယနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တာဝန်ရှိသူများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နိုင်ငံတကာသံတမန်များလည်းတက်ရောက်ခဲ့ကြသည်။
ပုံစာ–နှစ် ၇၀ မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် တွေ့ရသည့် KNUဥက္ကဌနှင့်တာဝန်ရှိသူများမြင်ကွင်း။
Photo-KNU