![]()
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က နယူးယောက်တိုင်းမ် သတင်းစာနှင့် Penguin Random House ထုတ်ဝေရေးလုပ်ငန်းတို့အား ဂုဏ်သိက္ခာ ထိခိုက်စေမှုဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ တရားစွဲဆိုမှုကို တင်သွင်းလိုက်ကြောင်း သိရသည်။
နယူးယောက်တိုင်းမ်သည် “မမှန်ကန်မှုများကို ဦးဆောင်ပြီး ပြောင်ပြောင်တင်းတင်း ထုတ်လွှင့်ဖြန့်ချိနေသူ” ဖြစ်လာပြီဟု စွပ်စွဲကာ ထရမ့်၏ ရှေ့နေများက ထရမ့်နှင့်ပတ်သက်သည့် ဆောင်းပါးများစွာ၊ ထရမ့်၏ ဝန်ထမ်းချုပ်ဟောင်း ဂျွန် ကယ်လီ (John Kelly) က သမ္မတသည် အာဏာရှင်တစ်ဦးကဲ့သို့ အုပ်ချုပ်လိမ့်မည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြချက်၊ “The Apprentice” ၏ ရိုက်ကူးမှုအကြောင်း ဆောင်းပါးနှင့် ထရမ့်ကို လိုက်ပါခဲ့သော အငြင်းပွားမှုများနှင့် ပတ်သက်သည့် ဖော်ပြချက်တို့သည် အသရေဖျက်မှု မြောက်သည်ဟု ငြင်းဆိုသည်။
ထို့ပြင် ထရမ့်၏ ရှေ့နေများက အဆိုပါ သတင်းစာနှင့် ထုတ်ဝေရေးလုပ်ငန်းတို့သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၎င်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နယူးယောက်တိုင်းမ် သတင်းစာနှင့် ပင်ဂွင်းမ် ရန်ဒမ် ဟောက်စ် တို့က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေကိုလည်း ထိခိုက်စေရန် ရည်ရွယ်ခဲ့သည်ဟု ရှေ့နေများက ဆိုသည်။
နယူးယောက်တိုင်းမ် သတင်းစာနှင့် သတင်းထောက်လေးဦးအပြင် ထရမ့်နှင့်ပတ်သက်သည့် စာအုပ်ကို ထုတ်ဝေခဲ့သည့် ပင်ဂွင်းမ် ရန်ဒမ် ဟောက်စ် ထုတ်ဝေရေးလုပ်ငန်းကိုလည်း တရားစွဲဆိုခံရသူများအဖြစ် ထည့်သွင်းထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နယူးယောက်တိုင်းမ် သတင်းစာ၏ ပြောရေးဆိုခွင့်ရှိသူက “ဒီတရားစွဲဆိုမှုဟာ တရားဝင်ဥပဒေရေးရာ တောင်းဆိုမှုတွေ မရှိပါဘူး။ လွတ်လပ်တဲ့ သတင်းဖော်ပြမှုကို ဟန့်တားဖို့ ကြိုးစားတာဖြစ်ပါတယ်” ဟု ပြန်လည်ပြောဆိုသည်။ ၎င်းတို့သည် သတင်းထောက်များ၏ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်ကို ဆက်လက် ကာကွယ်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
ထို့အတူ ပင်ဂွင်းမ် ရန်ဒမ် ဟောက်စ်မှ ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့၏ စာအုပ်နှင့် စာရေးဆရာများဘက်မှ ရပ်တည်ပေးသွားမည်ဟု ပြောခဲ့ပြီး “အခြေအမြစ်မရှိတဲ့ တရားစွဲဆိုမှု” ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
ယခု တရားစွဲဆိုမှု မတိုင်ခင် ဇူလိုင်လကလည်း ထရမ့်သည် The Wall Street Journal ကို ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲဆိုထားသည်။ အဆိုပါဂျာနယ်၏ သတင်းဖော်ပြမှုအပေါ် ထရမ့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင် ငြင်းဆိုခဲ့သည်။
#နယူးယောက်တိုင်းမ် #ဒေါ်လာ၁၅ဘီလီယံ #ထရမ့်တရားစွဲ #ThanLwinKhetNews
