၂၀၂၅ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခြင်းနှင့် ကျေးရွာများသို့ ဝင်ရောက်သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် ထုတ်ပြန်ချက်များအရ သိရသည်။
စစ်တပ်သည် KNU နယ်မြေထဲရှိ ဒူးပလာယာနယ်မြေ၊ သထုံ၊ ဘားအံ၊ ညောင်လေးပင်၊ မြိတ်နဲ့ ထားဝယ်ထိစပ်နေသည့် နယ်မြေများ၊ ဖာပွန်နှင့် တောင်ငူ ခရိုင်တို့တွင် ရှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၂၀၀ ကျော်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ကာ တိုက်ခိုက်ခံရခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၁၄၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၅၀ ကျော်အထိရှိခဲ့သည်ဟု KNU ၏ စာရင်းများအရ သိရသည်။
ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသား ၂၃၀ ဦးနှင့် အမျိုးသမီး ၁၈၁ ဦး ပါဝင်ပြီး အမျိုးသား ၇၆ ဦးနှင့် အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ထို့အပြင် ရှစ်လအတွင်း စစ်တပ်ထံ ဖမ်းဆီးခံရသူ ၈၉ ဦးအထိ ရှိပြီး လူနေအိမ်နှင့် အဆောက်အအုံ့ ၇၀၀ နီးပါးခန့်အထိ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အဆိုပါ လူ့အခွင့်အရေးစစ်တမ်းတွင် ဖော်ပြထားသည်။
စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ဩဂုတ်လတွင် ပိုမိုလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ စစ်တမ်းအရ သိရသည်။ ထို့အပြင် KNU ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်တပ်သည် လူအခွင့်အရေးချိုးဖောက်မှုများအား ၂၀၂၄ ခုနှစ်ထက် ပိုမိုလုပ်ဆောင်ခဲ့သည်ကို အဆိုပါ စစ်တမ်းများ အရသိရသည်။
၂၀၂၄ ဇန်နဝါရီမှ ဩဂုတ်အထိ ရှစ်လအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း ၈၀၀ သာရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် စစ်ကော်မရှင်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးတိုက်ခိုက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ပိုမို လုပ်ဆောင်နေခြင်း ဖြစ်သည်။