ခင်သရဖီဦး
စစ်တွေမြို့ရှိ စစ်ကော်မရှင်ရေတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နေ့လယ် ၂ နာရီခွဲကျော်တွင် ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာသို့ စစ်ကော်မရှင် ရေတပ်မှ လှမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာတွင်းသို့ ကျရောက်ခြင်းကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ရင်ဘတ်တွင် ဒဏ်ရာ ရရှိသွားပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးသွားသည်ဟု အသက် ၂၂ အရွယ် ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
”စစ်တွေက နေဗီ (ရေတပ်) ကနေ လှမ်းပစ်တာပါ။ နေ့ခင်းလောက်မှာ အိမ်မှာနေရင်း ထိသွားတာ ဖြစ်ပါတယ်။ ရင်ဘတ် အလယ်မှာ ကျသွားတာပါ။ ဒဏ်ရာကတော့ အလတ်စား ဒဏ်ရာလောက်ပါပဲ။ နီးစပ်ရာ ဆေးခန်းမှာ အခုက ဆေးကုသမှု ခံနေပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်တပ်အနေဖြင့် စစ်တွေမြို့အနီး ကုလားတန်မြစ်အတွင်းရှိ ရွှေမင်းဂံဆိပ်မှလည်းကောင်း၊ ပေါက်တောဘက် ကျွဲကူးမြစ်တို့တွင် တပ်စွဲထားသည့် ရေတပ်စခန်းများမှ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာများကို ယခုရက်ပိုင်း ပိုမိုပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ပေါက်တောဘက်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“အခုတလော နေ့တိုင်းပစ်နေတာရှိပါတယ်။ ပေါက်တောဘက်ကိုလည်း မနေ့က ည ၁၂ နာရီ၊ ၁ နာရီလောက်ထိ မနားတမ်းပစ်တာရှိတယ်။ သူတို့က ရမ်းပြီးတော့ ပစ်ခတ်နေတာပါ။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော အားလုံးနီးပါးကို အခုလို ပစ်နေတာရှိတယ်” ဟု ဆိုသည်။
တစ်ဘက်တွင်လည်း ထိုသို့ ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် အနီးအနားရှိကျေးရွာ ဒေသခံများမှာ အခြားလွတ်မြောက်ရာနေရာများသို့ စစ်ရှောင်နေကြရသည်။
#လက်နက်ကြီးကျ#ပေါက်တောဒေသခံ #ဒဏ်ရာရ #ThanLwinKhetNews