အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု၏ စစ်ကောင်စီမှ အမည်ပြောင်းလဲလိုက်သည့် စစ်ကော်မရှင်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ပြည်သူလူထု ရန်သူအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ယနေ့တွင် ကြေညာလိုက်သည်။
လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့သည့် ဇူလိုင်လ နောက်ထပ်သက်တမ်းတိုးမည့် အချိန်တွင် ဖျက်သိမ်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ၍ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ စစ်ကော်မရှင်တွင် အာဏာသိမ်းစစ်တပ်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအများစုဖြင့် ဖွဲ့စည်းထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကော်မရှင် ဥက္ကဋ္ဌတာဝန်တို့ကို ရယူထားသည်။
CRPH နှင့် NUCC ၏ ယခုကြေညာချက်တွင်တော့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” မှ အမည်ပြောင်းလဲလိုက်သည့် “နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများအားလုံးသည် အကြမ်းဖက်အုပ်စုဝင်များဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်မှန်သမျှ တရားဝင်မှုမရှိကြောင်းနှင့် ၎င်းတို့က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းများမှာလည်း တရားမဝင် ပျက်ပြယ်ပြီးဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။
ထို့အပြင် အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ပါရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အုပ်စု၏ အာဏာသိမ်းယူမှုသည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။
ယခင်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အဆိုပါအုပ်စုကို “ပြည်သူလူထု၏ ရန်သူ – Enemy of the State” အဖြစ် သတ်မှတ်ခဲ့ကြောင်း ကြေညာချက်တွင် ပြန်လည်ကိုးကားထားသည်။
ယခုကြေညာချက်သည် စစ်အုပ်စု၏ မည်သည့်အမည်ပြောင်းလဲမှုမျိုးကိုမဆို တော်လှန်ရေးအစိုးရများက အသိအမှတ်မပြုဘဲ ၎င်းတို့၏ မူလသဘောထားဖြစ်သော အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ကြောင်း ထပ်လောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပုံစာ – စစ်ကော်မရှင်အမည် ပြောင်းလဲပြီးနောက် နေပြည်တော်-ရန်ကုန် ရထားပေါ်တွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဓာတ်ပုံ – စစ်ရုံး)